ကချင်ပြည်နယ် ပူတာအိုမြို့မှာ မတ် ၁၇ ရက် ညပိုင်းက လူငယ်နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ် ၂ ဦးကို တားဆီးရာ မရပ်ပေးတဲ့အတွက် သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်ကွင်းရပ်ကွက် ဒေသခံတဦးက "ည ၈ နာရီလောက် စစ်ဆေးရေးဂိတ်အနီးကို လူငယ်နှစ်ယောက် ဆိုင်ကယ်စီးလာတာ၊ လှမ်းတားတာကို မရပ်လို့ ပစ်တာ။ ကောင်လေးတွေလည်း ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားတယ်။ ရဲတွေလည်း ဆိုင်ကယ်ပဲ ဖမ်းမိလိုက်တယ်" လို့ ပြောပါတယ်။
ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က သေနတ် ၆ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်မှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရဘူးလို့လည်း ပြောပါတယ်။
ပူတာအိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် ဖတ်မာရွာက လူငယ်လင်မယားနှစ်ဦး လက်နှက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပါတယ်။