Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး
DVB
·
March 18, 2022
275844263_2956360274586529_4428467517569713575_n

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ မတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ဘက်ကနေ မုံရွာဘက်ကို မောင်းနှင်လာတဲ့ ခရီးသွားပြည်သူတွေရဲ့ လိုက်ထရပ်ကားကို ဖိုလ်ဝင်တောင်လမ်းခွဲ အနောက်ဘက်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။

ဘာကြောင့် အခုလို ပစ်ခတ်တယ်ဆိုတာ တိတိကျကျ မသိရသေးဘဲ အခင်းဖြစ်ချိန်မှာ လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်ရဲ့ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာရခဲ့ပြီး နေရာမှာတင် သေဆုံးသွားသလို ကလေးငယ်ရဲ့မိခင်လည်း လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပြီး သူတို့ဟာ ဘယ်ဒေသကဖြစ်တယ် ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

အခင်းဖြစ်ပြီးနောက် လာသမျှကားတွေကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ယင်းမာပင်ဘက်သွားမယ့် ကားတွေပေါ်ကို စစ်ကောင်စီတပ်သားတွေ လိုက်ပါသွားပြီး နှောရိုးကျေးရွာနဲ့ ကောင်းဆင့်ကျေးရွာအနီးမှာ နှစ်ဖွဲ့ခွဲ ဆင်းသွားကြတယ်လို့ ကားသမားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၁၆ ရက်ညက အင်ကြင်းတောင်မှာ ညအိပ် တပ်စွဲခဲ့ပြီး မတ် ၁၇ ရက် မနက်ပိုင်းမှာ ဖိုလ်ဝင်တောင်လမ်းခွဲ အနီးတဝိုက် နယ်မြေရှင်းလင်းရေးပုံစံနဲ့ လုပ်ဆောင်ခဲ့ရာကနေ အခုလို ခရီးသွားပြည်သူရဲ့ကား ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024