စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာနဲ့ အောင်ချမ်းသာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၇ ရက် မနက် ၇ နာရီခွဲလောက်မှာ PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက မနက်အစောကြီး ချောင်းခွရွာကနေ အောင်ချမ်းသာရွာဘက် စစ်ကြောင်းထိုးလာတယ်။ အဲလိုလာနေတယ်ဆိုတာကို ကျမတို့ PDF (Kalay) တပ်ဖွဲ့က သတင်းအတိအကျ ရထားလို့ ကြိုတင်ပြင်ဆင်ထားတယ်။ သူတို့ မိုင်းကွင်းထဲ ရောက်လာတာနဲ့ ကျမတို့အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးတာ များနိုင်တယ်လို့ ထင်တယ်။ ကျမတို့ PDF တွေဘက်ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချနိုင်ခဲ့တာမို့ ထိခိုက်ကျဆုံးတာ မရှိဘူး။”
အဆိုပါ စစ်ကောင်စီတပ်ဟာ နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာမှာ တပ်စွဲနေထိုင်နေတာလို့လည်း သိရပါတယ်။
မတ် ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာလည်း နတ်ချောင်းရွာဘက်က နောက်ချန်စစ်ကားယာဉ်တန်း ထွက်ခွာလာခဲ့ရာ ပန်းမွန်ချောင်းတံတားနားအရောက် PDF (Kalay) တပ်ဖွဲ့က ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက် လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး မနက် ၁၀ နာရီခွဲလောက်မှာ အောင်ချမ်းသာရွာအတွင်း ဝင်ရောက်ကာ ကျေးရွာက နေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာတွင်းပိတ်မိနေတဲ့ ဒေသခံ အယောက် ၂၀ ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒီနောက် ၁၉ ဦးကို ဟဲလုပ်ရွာနဲ့ ခွေကြိမ်ရွာအကြားမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ၁ ဦးကို ခွေကြိမ်ရွာဘက်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။