မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ပန်းမကျောက်သပိတ်ရပ်ကွက်က ဘိလိယက်ခုံကို မတ် ၁၆ ရက် ည ၉ နာရီလောက် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကြူခုံထဲကို သေနတ်နဲ့ရမ်းပစ်ပြီး ဖမ်းတာ၊ အနီးအနားအိမ်က မှန်တွေပါ ထိပြီး ကွဲတယ်၊ သေနတ်နဲ့ဝင်ပစ်ပြီး ဖမ်းတာဆိုတော့ ၃ ယောက် ကျည်ထိသွားတယ်” လို့ ပြောပါတယ်။
ဘိလိယက်ခုံထဲကို ဘာကြောင့် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ ကျည်ထိမှန်သူတွေကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ရပ်ကွက်တွေကို တအိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့ပြီး နေအိမ်တခုအတွင်း ကျောက်မျက်တွင်းလုပ်ရာမှာသုံးတဲ့ ယမ်းတုံးမိတာကြောင့် ၁ ဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
"အိမ်ထဲမှာ ယမ်းတုံးမိလို့ဆိုပြီး ဖမ်းတာ၊ အဲ့အိမ်ကလူက စစ်တပ်ကလူတွေကို လေးခွနဲ့ ပစ်လိုက်တာ၊ စစ်သားတွေက ပြန်ပစ်တော့ နဖူးကိုထိသွားတယ်၊ သေမသေတော့ အတိအကျ မသိရသေးဘူး။"
စစ်ကောင်စီတပ်က မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်ကားတွေနဲ့ တန်းစီလှည့်လည် စစ်ဆေးနေသလို အနောက်ပိုင်းမှာလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။