မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းရှေ့ကနေ မတ် ၁၆ ရက် ည ၁၀ နာရီဝန်းကျင်က ဖြတ်သွားတဲ့ ဆိုင်ကယ်တစီး ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခင်းဖြစ်နေရာအနီး နေထိုင်သူတဦးက "ညဘက် မြို့ထဲမောင်းသွားတဲ့ ဆိုင်ကယ်တစီးအသံ ကြားတယ်၊ စခန်းပေါ်ကနေ ဆက်တိုက် သေနတ်နဲ့ပစ်တာ၊ စခန်းနားကို အကပ်မခံဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ညဘက် မိုးကုတ်မြို့အနှံ့ တအိမ်တက်ဆင်း လိုက်လံရှာဖွေ စစ်ဆေးပြီးနောက် လမ်းပေါ်တက်လာတဲ့ ဆိုင်ကယ်တွေ့ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဆိုပါတယ်။
ဒေသခံတဦးက "ကျောက်သပိတ်ထဲက ထွက်လာတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာ၊ ပစ်ပြီးတော့ ဒေါင့်ဆိုင်လမ်းမှာ ၂ ယောက်သေနေတာကို တွေ့တယ်" လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေက ကျောက်မျက်တွင်းလုပ်ကိုင်တဲ့ တွင်းသမားတွေဖြစ်ကာ ၃ ဦး စီးလာကာ ၂ ဦးသေဆုံးခဲ့တာလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တာကြောင့် စစ်ကောင်စီတပ်က လိုက်လံရှာဖွေ စစ်ဆေးနေတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အချိန်ကျော်လွန်ပြီး သွားပါက စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။