ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အင်းပြင်ရွာမှာရှိတဲ့ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးဂိတ် မတ် ၁၆ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပစ် တိုက်ခိုက်ခံခဲ့ရပါတယ်။
အင်းပြင် ဒေသခံတဦးက “နေ့လယ် ၁ နာရီလောက်က ဖြစ်မယ်၊ အသံက တော်တော်ကျယ်တယ်။ ဂိတ်တဲထဲမှာ အစောင့်နှစ်ယောက်တော့ ရှိတယ်။ ထိလား၊ မထိလားတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက လုပ်ဆောင်တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထားပါတယ်။
အောင်ပန်းမြို့ပြပြောက်ကျားတပ်စုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး မတ် ၁၃ ရက်နေ့ကလည်း အောင်ပန်း လျှပ်စစ်မီတာရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။