စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ထန်းဇင်ကျေးရွာကို မတ်လ ၁၆ ရက် ဒီကနေ့စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားတဲ့အတွက် နေအိမ် ၁၇ လုံးမီးလောင်ပြာကျသွားပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၆၀ ကျော်နဲ့ ပျူစောထီး ၃၀ လောက်က ရွာကိုမီးရှို့ပြီး ရွာက အိမ် ၁၇ လုံး၊ ဒေသခံတွေမွေးထားတဲ့ မြင်းတကောင်နဲ့ အိမ်မွေးတိရစ္ဆာန်တွေအပြင် ဆိုက်တွဲတစီး၊ ဆိုင်ကယ် ၂ စီး၊ ထွန်စက်တစီးတို့ကိုလည်း အဓမ္မယူဆောင်သွားပါတယ်။
စစ်ကောင်စီတပ်က ထန်းဇင်ကျေးရွာနဲ့ ကပ်လျှက်ရှိတဲ့ ဘန့်ဘွေးကျေးရွာမှာစခန်းချနေ နေတာကြောင့် ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာတွေက ပြည်သူတွေက အိမ်တွေမှာမနေရဲပဲ တိမ်းရှောင်နေကြရကာ တောတွေထဲမှာ ပုန်းအောင်းနေကြရလို့ အခုလို မီးလာရှို့ချိန်မှာ ရွာမှာ လူတွေမရှိကြဘူးလို့ သိရပါတယ်။
အခုမတ်လဆန်းကတော့ ဒေသခံ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ဘန့်ဘေးရွာကို မကြာခဏ သွားရောက်တိုက်ခိုက်ခဲ့လို့ အခုလို လက်တုံ့ပြန်တာဖြစ်မယ်လို့ ဒေသခံတယောက်က ပြောပါတယ်။