ပုလဲမြို့နယ် လိန်ကုန်းကျေးရွာနဲ့ ရွှေလောင်းကျေးရွာကြားမှာ ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က စစ်ကောင်စီတပ်ကို ပုလဲမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်တဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဖိုးသားက "သူတို့က ဇီးဖြူကုန်းဘက်ကနေ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတယ်ဗျ။ မနေ့က အင်ကြင်းစုကျေးရွာမှာ တပ်စွဲညအိပ်ခဲ့ပြီး ဒီနေ့ရောက်တော့ ဒီဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်လိုက်တယ်။ ကိုယ့်ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ စစ်(------) တွေဘက်ကတော့ ဘယ်နှယောက်ကျမယ် ဆိုတာကို တိတိကျကျ မပြောနိုင်ဘူး။ သူတို့က ဆရာသိတဲ့အတိုင်းပဲလေ၊ မင်းအောင်လှိုင်ကလွဲရင် ကျန်တာ သူတို့ရန်သူချည်းပဲဆိုတော့ သူတို့အနီးအနားကို ဘယ်သူမှ အကပ်မခံတော့ အတိအကျကို ပြောလို့မရဘူး။" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်းကို အဓိကထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေတာကြောင့် အကျအဆုံး များနေပြီး လေကြောင်းပစ်ကူနဲ့ လာရောက်ပစ်ခတ်တာတွေ ပြုလုပ်နေတာပါ။
နယ်မြေစိုးမိုးမှုရရှိအောင် စစ်ကိုင်းတိုင်းက ကျေးရွာတွေကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့တာတွေ အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်က ကျေးရွာအများဆုံး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူတွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေအပြင် သောက်သုံးရေပါ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။