ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတရွာကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်က ရွာကို မီးရှို့၊ တရွာလုံးကို မောင်းထုတ်တာကြောင့် ဒေသခံတွေ တောတွေထဲမှာ တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ပေါင်းတည်မြို့နယ်၊ သိမ်းကုန်းအုပ်စု၊ လဲပင်ကျေးရွာနားမှာ ဒေသခံ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များသွားတာကြောင့် အဲဒီကိစ္စကို အခဲမကျေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနားက ကျေးရွာတွေကို ဝင်ရောက်စစ်ဆေး အနိုင်ကျင့် မီးရှို့တာတွေနဲ့ ဒေသခံတွေကို ရွာကနေ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မတ် ၁၅ ရက်နေ့မှာတော့ သိမ်းကုန်းကျေးရွာကို မနက်အစောကြီး ဝင်ရောက် မီးရှို့ခဲ့တာကြောင့် အိမ် ၁၆ လုံးကျော် မီးလောင်ပြာကျခဲ့တယ်လို့ သိမ်ကုန်းရွာ ဒေသခံတဦးက ပြောပါတယ်။
လဲပင်ရွာဒေသခံတယောက်က “ဒေသခံတွေကို မောင်းထုတ်ပြီး ရွာမှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလည်း ယူသွားပါတယ်။ နောက် ဈေးဆိုင်တွေက ဆန်၊ ဆီနဲ့ ကုန်ခြောက်ပစ္စည်းတွေကို သူတို့ရိက္ခာအဖြစ် စစ်ကောင်စီတပ်က သယ်ယူသွားတယ်” လို့ ပြောပါတယ်။
ရွာမီးမလောင်ခင်ကတည်းက ဒေသခံတွေကို ရွာကနေ နှင်ထုတ်လိုက်တာကြောင့် ရွာ ဘုန်းကြီးကျောင်းမှာ မှီခိုနေသူ ၄၅၀ ကျော်ရှိပြီး ပတ်ဝန်းကျင်က အလှူရှင်တွေနဲ့ တနေ့ကို ဆန် ၄ တင်းလောက် ချက်ပြုတ်ကျွေးမွေးနေရကာ ရေရှည်ကျရင် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတချို့လည်း တောတွေထဲနဲ့ ပဲခူးရိုးမပေါ်မှာ ဖြစ်သလို နေထိုင်နေရပြီး သူတို့လည်း စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
လဲပင်ကျေးရွာမှာ အိမ်ခြေ ၁၆၀ လောက်ရှိပြီး ပေါင်းတည်မြို့ကနေ ၁၅ မိုင်လောက်ဝေးကာ ကားလမ်းမပေါက်ဘဲ ဝဲကြီးဆည်ထဲကနေတဆင့် လာရတဲ့အတွက် သွားရေးလာရေးလည်း အလွန်ခက်ခဲတဲ့နေရာ ဖြစ်ပါတယ်။