၁။
ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်လိုက်တော့ ကိုယ်ပေါ်တွင် ပဆစ်အိမ်ဖွဲ့နေသည့် လရောင်များ ကစဥ့်ကလျား ဖြစ်သွားရ၏။ လရောင်များက ဘေးတွင်ရှိနေသော သစ်ရွက်ခြောက်များပေါ် ခြေသံလုံလုံဖြင့် ဆင်းသွားကြ၏။ ကျနော်က သစ်ရွက်ကြိုအကြားမှ ယိုကျလာနေသည့် လရောင်များကို မော့ကြည့်နေသည်။
ညက သစ်ရွက်ခြောက်အိပ်ရာပေါ် တော်တော်နှင့်အိပ်မပျော်။ ဗိုလ်မှူးချုပ်ကျော်လင်း (KNU တပ်မဟာ ၂ တပ်မဟာမှူး)နှင့် စကားထိုင်ပြောခဲ့သည်များကို ပြန်တွေးကာ မျက်လုံးများ တော်တော်နှင့် မှိတ်မရ။ အထူးသဖြင့် နံနက်စောစောထကာ ကျောက်ဖြာရွာသို့ မဖြစ်မနေ ခရီးထွက်ရမည့် ကိစ္စအပေါ် အခြေခံကာ ကျနော်မှာ တွေးစရာတွေဆင့်ပွားပြီး တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့။
မနက်ဖြန်မနက် ခတ်စောစောထရမယ်၊ ကျောက်ဖြာရွာကို ခရီးဆက်ထွက်ရမယ်...လို့ ဗိုလ်ချုပ်ကျော်လင်း ပြောစဥ်က နောက်နေ့တွေကျမှ ခရီးထွက်လို့ မဖြစ်ဘူးလား၊ ရန်သူ့ကားတန်း နောက်တခေါက် အဆင်းကြမှ သွားလို့မရဘူးလားဟု ပြန်ပြောမည် စဉ်းစားပြန်တော့လည်း ခင်ဗျား ခရီးပန်းတာ သိပါတယ်၊ ဒါပေမဲ့ ဒီကားတန်းက ဒီနှစ်အတွက် နောက်ဆုံးဆင်းတဲ့ကားတန်းဖြစ်ဖို့ များတယ်၊ ဒါကြောင်မို့ ခင်ဗျား ခရီးဆက်မထွက်လို့ မဖြစ်ဘူး ကိုငြိမ်းဝေ...ဆိုတဲ့စကားကြောင့် ကျနော့်မှာ ခေါင်းညိတ် သဘောတူဖို့ကလွဲ တခြားပြောစရာစကား မဲ့ခဲ့ရ၏။
ဒီကနေ့ ညနေခင်းတွင် ဗိုလ်မှူးချုပ်ကျော်လင်း၏ ယာယီပြောက်ကျားစခန်းကို ကျနော် ရောက်လာခဲ့၏။ မဲပလိရွာမှ တနေကုန် ခြေလျင်ခရီးနှင်ပြီးမှ ပြောက်ကျားစခန်းကို ရောက်လာခြင်း ဖြစ်သည်။ ရောက်လာရခြင်း ရည်ရွယ်ချက်က ကော့ကရိတ်-ဖာပွန် နွေရာသီ စစ်သုံးကားလမ်း တလျှောက် နအဖစစ်အစိုးရစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများ ရယူစုဆောင်းရန် ဖြစ်သည်။ အထူးသဖြင့် ယင်းစစ်သုံးကားလမ်းပေါ်တွင် စစ်အစိုးရတပ်များက ဒေသခံ ကရင်လူမျိုးများကို လူသားမိုင်းရှာကိရိယာအဖြစ် အဓမ္မအသုံးချနေခြင်း သတင်းကို ထောက်လှမ်းရယူဖို့ရန် ကျနော် ရောက်လာခြင်း ဖြစ်၏။
ရောက်လာသည့် ညနေက တပ်မဟာမှူးထံ ဖလင်ဝယ်ဖို့ရာ ငွေကြေးအနည်းငယ် အကူအညီတောင်းမည်ဟု စဥ်းစားထားခဲ့သည်။ ပြီးတော့မှ နောက်တနေ့တွင် ကမ္မမောင်းသို့ ဆက်သားလွှတ်ကာ ဖလင်ဝယ်ခိုင်းမည်ဟု စဥ်းစားထား၏။ သို့သော် ထမင်းစားပြီး သူ့တဲဆီလာဖို့ တပ်မဟာမှူးက ခေါ်သဖြင့် သွားတွေ့သည့်အခါ ယင်းကဲ့သို့ နောက်တနေ့အစောကြီး မဖြစ်မနေ ခရီးထွက်ဖို့ရန် သိလာရခြင်း ဖြစ်သည်။
ထိုစဥ်က ကျနော်သည် တော်လှန်ရေးဌာနချုပ် မာနယ်ပလောတွင် နေသူ ဖြစ်သည်။ ဒီမိုကရက်တစ်မြန်မာ့သံ (DVB) ၏ သတင်းထောက်တစ်ဦး ဖြစ်၏။
တပ်မဟာ ၁ နယ်မြေဟု ခေါ်သော ဘားအံခရိုင်သို့ နယ်မြေခံ ကရင်တော်လှန်ရေးပြောက်ကျား တပ်များ၏ အကူအညီဖြင့် သတင်းရယူရန် ရောက်လာခြင်းဖြစ်သည်။
ဌာနချုပ်မှ ခရီးထွက်ဖို့ စီစဥ်တော့ ကျနော့်မှာ အသံဖမ်းစက်ကလေးတစ်လုံးသာ ရှိ၏။ အသံလွှင့်ဌာန သတင်းထောက်ဖြစ်သဖြင့် မိခင်ဌာနက အသံဖမ်းစက်သာ ထုတ်ပေး၏။ ဓာတ်ပုံမှတ်တမ်းတင်ဖို့ရန် ကင်မရာမပေးပါ။ သို့သော် ရှေ့တန်းနယ်မြေကြီးတွင် အသံမှတ်တမ်းတွင်သာမက ဓာတ်ပုံမှတ်တမ်းသည်လည်း လိုအပ်သည်ဟု ယူဆသဖြင့် ကျနော့်မှာ အကြံထုတ်ရ၏။ ကံအားလျော်စွာ ကရင်ခေါင်းဆောင်တစ်ဦးက ကင်မရာ အပူတပြင်း လိုက်ရှာနေသူ ကျနော့်ကို စာနာကာ မိသားစုအပျော်ရိုက် အော်တိုဖိုးကပ်စ် ကော်ကင်မရာလေး တစ်လုံး ငှား၏။
ကင်မရာ ရပြန်တော့ ဖလင်ဝယ်ဖို့ရန် ကျနော့်မှာ ပိုက်ဆံမရှိပြန်။ (ထိုစဥ်က ကျနော်တို့ရဲဘော်များမှာ လစာဟူ၍ မရှိပါ။ တချို့သောလများတွင် ဆေးလိပ်ဖိုး ဘတ် ၃၀၊ သို့မဟုတ် ဘတ် ၅၀ တော့ရ၏။) သို့ပေမဲ့ ယခင်အခေါက်များက ဒေသခံကရင်တော်လှန်ခေါင်းဆောင်တချို့က ခရီးစရိတ်ဆိုပြီး ပိုက်ဆံအနည်းငယ်စီ ကူညီခဲ့သည်ကို တွေးကာ ရှေ့တန်းရောက်မှပဲ ခေါင်းဆောင်တဦးဦးထံ ပိုက်ဆံ အကူအညီတောင်းမည်၊ ကမ္မမောင်းသို့ ဖလင်ဆင်းဝယ်ခိုင်းမည်ဟုစဥ်းစားကာ သည်အတိုင်း ရှေ့တန်းသို့ ခရီးထွက်လာခြင်း ဖြစ်၏။
ရောက်သည့်နေ့ညတွင်ပင် နောက်တနေ့၌ မဖြစ်မနေ ခရီးထွက်ရမည်ဟု ဖြစ်လာသောအခါ ကျနော့်မှာ မရှူနိုင်မကယ်နိုင် ဖြစ်ရတော့သည်။ နဂိုမူလစဥ်းစားထားချက်အရ တပ်မဟာမှူးထံမှ ငွေကြေးအနည်းငယ် အလှူခံလို့ရသည့်တိုင် ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းဖို့ရန် အချိန်ကမရှိပြန် ဖြစ်ရပြန်သည်။ ကမ္မမောင်းနှင့် ကျနော် အရောက်သွားရမည့် ကျောက်ဖြာရွာမှာ ဘယ်နည်းနှင့်မျှ တနေ့ ခရီးမပေါက်နိုင်။ တညအိပ်ကျော် နှစ်ရက်နီးပါးဝေး၏။ ထို့ကြောင့် စစ်အစိုးရ စစ်ကားတန်းအဆင်း ရွာသားတွေကို မိုင်းရှာကိရိယာအဖြစ် စေခိုင်းနေမှုကို အချိန်မီ ဓာတ်ပုံမှတ်တမ်း ယူလို့မရနိုင်။
တခါ သည်လိုအခက်အခဲကြောင့် နောက်တကြိမ် ကားတန်းအဆင်းကျမှ သတင်းသွားယူရန် ပြောကြည့်ပြန်တော့လည်း သည်တကြိမ် ကားတန်းအဆင်းမှာ သည်နှစ် သည်ရာသီအတွက် နောက်ဆုံး ကားတန်း ဖြစ်နိုင်သည်မှာ သေချာသလောက် ဖြစ်နေပြီ။ မိုးကျတော့မည်။ မသွားလျှင် နောက်တခေါက်အတွက် မသေချာဟု ဗိုလ်ချုပ်ကျော်လင်းက ရှင်းပြတော့ ကျနော့်မှာ ဘာတခွန်းမှ ထပ်မပြောနိုင်တော့။
ကျနော်သည် တော်လှန်ရေးဌာနချုပ်စခန်းမှ ဆင်းလာသော သတင်းထောက် ဖြစ်သည်။ နိုင်ငံကျော် တော်လှန်ရေးအသံလွှင့်ဌာန သတင်းထောက်ကြီးဖြစ်သည်။ ဤသို့ပင် ကျနော့်ကို မြင်နေကြမည် ဖြစ်သည်။ ထို့ကြောင့် ကျနော့်တွင် မှတ်တမ်းတင်ပစ္စည်းကိရိယာများ၊ ခရီးစရိတ်များ ပါရှိလာမည်မှာ မလွဲဟု သိထားကြမည်လည်း ဖြစ်သည်။ စစ်အစိုးရ၏ အင်မတန် ရက်စက် ယုတ်မာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အခုလို ဌာချုပ်စခန်း အသံလွှင့်ဌာနက ကိုယ်တိုင် လာရောက်သတင်းယူသည့်ကိစ္စမို့လည်း အားလုံးက ဝမ်းသာအားရ ကြိုဆိုကြသည်မှာလည်း အမှန်ပင် ဖြစ်သည်။
ထိုအခြေအနေများကို သိနေသဖြင့် ကျနော့်မှာ ဓာတ်ပုံရိုက်ဖို့ ဖလင်ပါမလာဘူး ဆိုသည်ကို ထုတ်မပြောရဲတော့။ ထုတ်ပြောလို့ အကူအညီရသည့်တိုင် လိုအပ်သည့်ဖလင်ကို သွားဝယ်နိုင်ဖို့ရာ အချိန်မရှိတော့။ အချိန်မီ သွားဝယ်လို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့။
ထို့ကြောင့် နောက်တနေ့မနက်အစောကြီး ကျောက်ဖြာရွာ ခရီးထွက်ရမည့်အစီအစဥ်ကို ကျနော့်မှာ မအီမလည်နှင့်ပင် လက်ခံလိုက်ရ။ ဖလင် မရှိသဖြင့် ဓာတ်ပုံမှတ်တမ်းမတင်နိုင်သည့်တိုင် ကိုယ်တိုင် မျက်စိနှင့် မှတ်တမ်းတင်ခွင့်ရလျှင်လည်း ဖြစ်တာပါပဲဟု စိတ်ကို ဖြေရ။
သို့သော် ကျနော့်ကင်မရာတွင် ဖလင်ပါမလာသည်ကိုမူ မည်သူ့ကိုမျှ ပြောပြလို့မဖြစ်သေး။ စိတ်ဓာတ်တက်ကြွကာ ဝိုင်းဝန်းကူညီချင်စိတ်ဖြင့် ပျော်ရွှင်နေကြသည့် ရဲဘော်များကို ကူညီချင်စိတ် လျော့သွားအောင် အမှန်အတိုင်း ဖွင့်ပြောလို့တော့ မဖြစ်သေးဟု ကျနော် တွေး၏။ ထို့ကြောင့် ဖလင်မပါသည့် ကော်ကင်မရာကို ဟန်ပါပါနှင့် လွယ်ထားရ၏။
အိပ်ပျော်ခါနီးကာမှ ညနေက ကရင်ရဲဘော်တချို့ ဓာတ်ပုံရိုက်ပေးခဲ့ရသည်ကို သွားတွေးမိပြန်သည်။ ကျနော့်ကင်မရာထဲတွင် ဖလင်မရှိသည်ကို ရဲဘော်များက မသိ။ ကျနော်ကလည်း ရှင်းမပြနိုင်သေး။ အပြန်ခရီးကျမှသာ အကျိုးအကြောင်းရှင်းပြကာ ဖလင်ပါသည့်ကင်မရာဖြင့် ထပ်မံ၍ အတည်ရိုက်ပေးရတော့မည်ဟုသာ တွေးထားလိုက်၏။ တယောက်နှင့်တစ်ယောက် ပခုံးချင်း ဖက်ကာ ပျော်ရွှင်စွာ ဓာတ်ပုံအရိုက်ခံကြသည့် ရဲဘော်များကို ကြည့်ကာ ကျနော့်မှာ မျက်နှာမထားတတ်အောင် ဖြစ်နေသေး၏။ ဖလင်မရှိသော ကင်မရာခလုတ်ကို အကြိမ်ကြိမ် နှိပ်ရင်းက ကျနော့်မှာ စိတ်မလုံနိုင်ခဲ့။
၂။
ကျောက်ဖြာရွာအထွက် တခေါ်သာသာအဝေး တောင်ကုန်းထိပ်တွင် ကျနော်တို့ ရှိနေသည်။
ကျနော်နှင့်အတူ အဖော်အဖြစ် လိုက်ပါစောင့်ရှောက်ရန် တပ်မဟာမှူး ထည့်ပေးလိုက်သူ တပ်ကြပ်ကြီးဖားတေးလည်း ကျနော့်ဘေးတွင် ရှိနေသည်။ ကျောက်ဖြာရွာသား လူငယ်နှစ်ဦးလည်း ရှိနေသည်။
မနေ့ကမနက် ဝေလီဝေလင်းအချိန်တွင် တပ်မဟာမှူး၏ ယာယီပြောက်ကျားစခန်းမှ ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့ ခရီးထွက်ခဲ့ကြ၏။ ကရင်ရွာ လေးရွာကို ဖြတ်ကာ ညနေ နေဝင်စ အချိန်တွင် ကျနော်တို့နှစ်ယောက် ကျောက်ဖြာရွာထိပ်သို့ ကပ်လာခဲ့ကြ၏။
နေစုန်းစုန်းမှောင်သောအခါ ကျနော့်ကို တဲတစ်လုံးပေါ်ထားက တပ်ကြပ်ကြီးဖားတေးက အခြားတဲပေါ် သွားအိပ်၏။
ကျောက်ဖြာရွာဘေးတွင် ဒုံသမိချောင်း တောင်နဲ့မြောက် စီးနေ၏။ ချောင်း၏ ဟိုဘက်ကမ်းထိပ်တွင် နအဖ စစ်တပ် တပ်ခွဲတစ်ခု စခန်းထိုင်ထား၏။ ညက ဗမာလို ပီပီသသ ဆဲဆိုပြောနေသံများကို ဒီဘက်ကမ်း ရွာထိပ်မှ အတိုင်းသားကြားရ၏။
တဲပေါ်က မီးဖိုဘေးတွင် ဘယ်အချိန်က အိပ်ပျော်သွားသည် မသိ၊ အိပ်ရာကနိုးသောအခါ ညက ထမင်းမစားခဲ့ဘဲ အိပ်ပျော်သွားသဖြင့် ဗိုက်ဆာနေ၏။
မီးဖိုမှာ မီးရှိန်ကျစပြုနေသဖြင့် မီးဖိုအနီးတဝိုက်တွင်သာ ခပ်မွဲမွဲ မြင်နေရ၏။ မီးဖိုဘေးတွင် ကရင်အဘိုးအိုတစ်ဦး ထိုင်နေ၏။ သူက တစုံတခုကို စားနေလေသည်။
အိပ်ရာက နိုးလာသော ကျနော့်ကို အဘိုးအိုကကြည့်ကာ စားချင်စားလေဟုဆိုကာ မီးဖိုဘေးမှ မီးကင်ထားသည့် အရာတချို့ကို လက်ညှိုးထိုးပြ၏။ ကျနော်လည်း ထိုကင်ထားသည့် စာကလေးကင် သုံးကောင်ကို ချက်ချင်းဆိုသလို ကောက်ဝါးတော့၏။
နံနက် နေထွက်စပြုချိန် တပ်ကြပ်ကြီးဖားတေး အဖော်နှစ်ဦးနှင့်အတူ တဲရှေ့ရောက်လာကြ၏။ ကျနော်က ရေဘူးရေဖြင့်ပင်မျက်နှာသစ်ကာ တဲပေါ်မှဆင်း၏။
တဲပေါ်မှ ဆင်းမည်ရှိစဥ် မီးဖိုဘေးမှ ငှက်မွေးတချို့ကို မြင်လိုက်၏။ စိတ်ထဲ တမျိုးတမည်ဖြစ်သဖြင့် ညက ကျနော်တို့ ကင်စားတာ စာကလေးတွေလားဟု ထိုင်နေသော ကရင်အဘိုးအိုကို မေးမိသွား၏။ ကရင်အဘိုးအို၏အဖြေက ကျနော့်ကို ပျို့ချင် အန်ချင်စိတ်ပင် ဖြစ်သွားစေလိုက်၏။
စာကလေး မဟုတ်ဘူး၊ ကြက်သေးသေးတွေ...ဟု အဘိုးအိုက ဖြေ၏။ စာကလေးကင် အထင်ဖြင့် စားခဲ့မိသော ကျနော့်မှာ ကြာရှည်အံ့အားမသင့်နိုင်ဘဲ တပ်ကြပ်ကြီးဖားတေးတို့နောက်မှ ခပ်သွက်သွက် လိုက်လာခဲ့ရ၏။ ကျနော်တို့အားလုံး ကျောက်ဖြာရွာဦး တောင်ကုန်းထိပ် ချုံပုတ်များတွင် ပုန်းအောင်းနေရာယူထားလိုက်ကြ၏။
နံနက် ကိုးနာရီခန့်တွင် ကျောက်ဖြာရွာထိပ်ဆီက လူအုပ်စုတစ်စု ကားလမ်းပေါ် ရောက်လာကြ၏။ ကျနော်တို့ ပုန်းအောင်းနေရာ တောင်ကုန်းအနားသို့ ရောက်သောအခါ လူ ၂၀ ခန့် တံမြက်စည်း ကိုယ်စီလှည်းရင်း ကားလမ်းပေါ် ရှေ့တိုးလာနေကြ၏။ လူအားလုံး ယောကျ်ားလူငယ်လူရွယ် တစ်ယောက်မျှ မပါ။ အားလုံး အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးများနှင့် ကလေးသူငယ်များချည်း ဖြစ်၏။ သေနတ်ကို အသင့်လွယ်ထာသည့် စစ်သားနှစ်ဦးက ကားလမ်းဘေးအကွာမှ အသင့်အနေအထားဖြင့် လိုက်ပါလာ၏။ ကျနော့်မှာ သတင်းများတွင်သာ ဖတ်ဖူးခဲ့သည့် “လူသားမိုင်းရှာကိရိယာများ”ကို မျက်ဝါးထင်ထင် မြင်နေရသဖြင့် ကြက်သေသေကာ အံ့သြမှင်တက် ဖြစ်နေ၏။
နအဖ စစ်အစိုးရစစ်တပ်များသည် ကော့ကရိတ်-ဖာပွန် နွေရာသီ စစ်သုံးကားလမ်းပေါ်တွင် စစ်ကားများ မကြာခဏ မိုင်းနင်းမိကြ၏။ ဒေသခံ ကရင်တော်လှန်ရေး ပြောက်ကျားတပ်များ ထောင်ထားသည့် မိုင်းများ ဖြစ်၏။ ထို့ကြောင့် သူတို့၏စစ်ကားများ အဆင်း အတက် မလုပ်ခင် နီးစပ်ရာ ကရင်ရွာ ရွာသားများကို ကားလမ်းအပြည့် အဓမ္မ တံမြက်စည်းလှည်းခိုင်းတတ်ကြ၏။ လမ်းပေါ်တွင် မိုင်းမြှုပ်ထားပါက သေခြင်းသေလျှင် ရွာသားများသာ သေစေပြီး သူတို့၏ စစ်ကားများ မိုင်းရန်ကင်းလွတ်စေရန် ဖြစ်၏။ ရွာသားများကို “လူသားမိုင်းရှာကိရိယာ”အဖြစ် အသုံးချကြခြင်း ဖြစ်သည်။
တောင်ကုန်းအောက် ကားလမ်းပေါ် တံမြက်စည်းလှည်းရင်း နီးလာသည့် လူအုပ်ကို အံ့သြမှင်တက်ဖြစ်ကာ ငေးကြည့်နေသည့် ကျနော့်ကို တပ်ကြပ်ကြီးဖားတေးက လူချင်းတွန်းထိကာ သတိပေးလာခဲ့။
ဆရာကြီး ရိုက်လေ ရိုက်လေ ဘာငေးနေတာလဲ.....
ဖလင်မပါသည့် ကင်မရာတစ်လုံး၏ ခလုတ်များကို အကြိမ်ကြိမ်နှိပ်နေစဥ် ကျနော့်မျက်စိထဲ၌ တံမြက်စည်းလှည်းနေသည့် လူအုပ်ကို မမြင်။
ဗွီဒီယိုကင်မရာများ နောက်လိုက်နောက်ပါများနှင့်အတူ အစည်းအဝေးများ သောင်ရင်းမြစ်နှင့် သံလွင်မြစ် ခရီးသွားမှတ်တမ်း တပျော်တပါး ရိုက်ကြ ရယ်ကြ ဖြစ်နေသူ လူတချို့ကိုသာ ဘာကြောင့်ရယ်မသိ အထင်အရှား မြင်နေမိ၏။
၃။
သောင်ပေါ် ကျောက်တုံးဘေးတွင် သစ်ခွပင်များကို ခဏချထား၏။
ရေချိုးမည်ပြုကာမှ ကုန်းပေါ်က တဲပေါ်တွင် မေ့ကျန်နေခဲ့သည့် သွားတိုက်ဆေးနှင့် သွားပွတ်တံ ပြန်ယူရပြန်သည်။
သံလွင်မြစ် ကျောက်တုံး ကျောက်ခက်များကြား သောင်စပ်ကို ပြန်ရောက်တော့ သောင်စပ်တွင် ချထားခဲ့သည့် သစ်ခွပင်များကို မတွေ့တော့။ အနီးအနားတဝိုက် လိုက်ကြည့်တော့လည်း အစအနပင် မတွေ့။ ရေချိုးနေသူတစ်ဦးကို မေးကြည့်သည်။ သူရဲ့အဖြေက ကျနော့်ရင်ဝကို ဆောင့်ကန်သလို ခံစားလိုက်ရ၏။
အခုနက ကလေးနှစ်ယောက် ရေစပ်မှာဆော့နေတဲ့ သစ်ခက်တွေလား သူတို့ဘာသာ ရေထဲ မျှောချပြီး သဘောကျနေကြသေးတယ်။
သောင်စပ်တွင် မည်သူမျှ မမြင်တော့။ ကျနော် ရေလောင်းရန် ခဏချထားခဲ့သည့် သစ်ခွပင်များကို ကလေးနှစ်ယောက်က မြစ်ထဲ မျှောလိုက်ကြပြီပဲ။
ကျနော်က ရှေ့တန်းကအပြန် မယ်ညောခီးတောင်ကို ကျော်စဥ် လမ်းတွင်တွေ့ရသော သစ်ပင်တချို့မှ သစ်ခွပင်များကို တက်ခွာလေ့ရှိသည်။ ခရီး မည်မျှပန်းသည် ဖြစ်ပါစေ၊ သစ်ခွများကို ဌာချုပ်ပြန်ရောက်သည်အထိ မမောမပန်းရအောင် ထမ်းပိုး သယ်၏။ ကျနော် နေသည့် ဗဟိုရုံးနောက်ဖေး အစွယ်လေးအောက် ကျနော့်အိပ်စင်လေးဘေး သစ်ပင်တွင် သစ်ခွပင်များ ချိတ်ဆွဲ၏။ မယ်တုက္ခီစမ်းချောင်းထဲကရေကို ခပ်ကာ ရေအမြဲလောင်း၍ တယုတယ စိုက်ထားလေ့ ရှိ၏။ အခုတော့ ပြန်ရောက်ခါနီးကာမှ ခဲလေသမျှ သဲရေကျ ဖြစ်ရပြီ။
ရေစပ် ကျောက်တုံးပေါ် ထိုင်နေစဥ် အတွေးတစ်ခုက ဝင်လာပြန်သည်။ အကယ်၍များ သည်တကြိမ် ရှေ့တန်းဆင်းစဥ် ဖလင်ပါသည့် ကင်မရာဖြင့် မှတ်တမ်းယူဓာတ်ပုံများ ရိုက်ယူနိုင်ခဲ့လျှင် . . .။
ကျနော် ဒီတခါတော့ ရင်ထဲ အတော်ပေါ့သွားရ၏။ အကယ်၍များ ဓာတ်ပုံးများ ရိုက်ယူနိုင်ခဲ့လျှင် ဌာနချုပ် ပြန်ရောက်တော့ ဖလင်ကူးခ မရှိသဖြင့် လူတကာ လိုက်လံအောက်ကျို့ကာ ဖလင်ကူးခ ပိုက်ဆံ လိုက်လံချေးယူရမည့် ဒုက္ခတစ်ခုတော့ ငြိမ်းတာပေါ့လေ… ဟု တွေးကာ ရင်ထဲ ရင်ထဲ… အတော်ပေါ့သွားရလေသည်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၁၉၉၄ ခု၊ တော်လှန်ရေးခရီး လွမ်းဆွတ်ဖွယ် ကာလများသို့။