ချင်းပြည်နယ်၊ ပလက်ဝနဲ့ မတူပီမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ၊ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Paletwa က ထုတ်ပြန်ပါတယ်။
မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦးကျဆုံး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေလာတာကို သတင်းရလို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထယ်ဘွေ့စခန်းအဝင်လမ်းကြောင်းတလျှောက် ပိတ်ဆို့ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တွီဆော့ကုန်း ကျေးရွာထဲက လူနေအိမ် စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။