ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဂေါ်ဖီထုပ်ဟင်းသီးဟင်းရွက်တွေအောက်မှာ ပုန်းကွယ်ပြီး ကုန်တင်ကားနဲ့ လိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၅၃ ယောက်ကို မတ် ၁၃ ရက် ညပိုင်းက ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
တာ့ခ်-မဲဆောက်လမ်းမကြီး၊ မယ့်ပအနီး ခြောက်ဘီး ကုန်ကားတစီးကို ရဲတွေ၊ စစ်သားတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က စစ်ဆေးရှာဖွေရာကနေ ခုလိုဖမ်းမိခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၂၂ ယောက်ပါဝင်ပြီး သူတို့ဟာ ကုန်တင်ကားနောက်ခန်းထဲက ဂေါ်ဖီထုပ်ဟင်းသီးဟင်းရွက်အိတ်တွေအောက်မှာ ပုန်းအောင်းပြီး လိုက်ပါလာခဲ့ကြတာလို့ ဆိုပါတယ်။
အဆိုပါ ကုန်တင်ကားကို မောင်းနှင်လာသူကတော့ အသက် ၃၁ နှစ်အရွယ် ထိုင်းအမျိုးသားတယောက်နဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတယောက်ကိုလည်း ဖမ်းမိခဲ့တာပါ။
မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်မှတဆင့် နယ်စပ် သောင်ရင်းမြစ်ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံ တာခ်ရိုင် မဲဆောက်မြို့အနီး မဲ့ကဆာကျေးရွာမှာ လူစုကာ ထိုင်းစစ်ဆေးရေးဂိတ်တွေကို ဖြတ်နိုင်ဖို့ ဂေါ်ဖီထုပ်ဟင်းသီးဟင်းရွက်တွေအောက်မှာ ပုန်းကွယ်လိုက်ပါလာတာဖြစ်ပြီး မဲဆောက်မြို့ တာခ်ရိုင်လမ်းမကြီး စုပေါင်းဂိတ်မှာ အဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
သူတို့ကို ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ တရားမဝင် ဝင်လာတဲ့ မြန်မာ ၅၃ ယောက်ကို နခွန်ဆဝမ်က အလုပ်နေရာဆီ ပို့ဆောင်ဖို့ တယောက်ကို ထိုင်းဘတ် ၃ သောင်းနဲ့ ခေါ်ဆောင်လာခဲ့တာလို့ ပြောပါတယ်။
ညသန်းခေါင်ယံလောက်မှာ ရောက်လာတဲ့ ၆ ဘီးကားကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါ ဂေါ်ဖီထုပ် ဟင်းရွက်စုံအောက်မှာ ချွေးတွေနဲ့ အသက်ရှူမဝတဲ့ အလုပ်သမားတွေကို တွေ့ရှိခဲ့ပြီး ကားပေါ်မှ ဆင်းခိုင်းကာ စစ်ဆေးကြည့်တော့ နိုင်ငံကူးလက်မှတ် တရားဝင် စာရွက်စာတမ်း မရှိသူတွေဖြစ်ကြောင်း တာဝန်ရှိသူက မှတ်ချက်ပေးထားပါတယ်။
လက်ရှိမှာတော့ ယာဉ်မောင်းထိုင်းအမျိုးသားနဲ့ သူနဲ့အတူလိုက်ပါလာတဲ့ ထိုင်းအမျိုးသမီး တို့ကိုနိုင်ငံတွင်း တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာဖို့ ကူညီပေးမှုနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။
ဖမ်ဆီးရမိထားတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၃ ဦးကိုတော့ ထိုင်းကျန်းမာရေးဌာနက ATK ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးကာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်လာပြီး စာရွက်စာတမ်းမရှိတဲ့ ဥပဒေနဲ့ တရားစွဲ နေရပ်ပြန်ပို့နိုင်ရေး မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။