ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကနဲလေးကျေးရွာဘက်မှာ မတ်လ ၁၃ ရက်က KNLA နဲ့ DKBA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သား ၂ ယောက်ကို စနိုက်ပါသေနတ်နဲ့ အသေပစ်သတ်ခဲ့ပြီး ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။
မနေ့က ကော့ကရိတ်- မြဝတီ အာရှလမ်းမှာ KNLAပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေချိန်မှာ လေးကေ့ကော်မြို့သစ်နဲ့ ဝေါလေမြိုင်လမ်းမှာလည်း KNLA ပူးပေါင်းအဖွဲ့က လမ်းပိတ်ထားပြီး ကနဲလေးရွာဘက်မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို လက်နက်ငယ် ၁ လက်နဲ့ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ကနဲလေးစခန်းမှ ထွက်လာပြီး သတင်းထောက်တဲ့ တပ်သားငယ် ၂ ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကာ ကနဲလေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအတွင်းကို KNLA တပ်ဖွဲ့က စနိုက်ပါသေနတ်နဲ့ ပစ်ခတ်လို့ နောက်ထပ် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာမှ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခု မတ်လအထိ တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေသောင်းနဲ့ချီ ထိုင်းနိုင်ငံဘက်ထွက်ပြေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ တိုက်ပွဲတွေနဲ့ လမ်းပိတ်ထားမှုနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတာကြောင့် ခရီးသွားပြည်သူအနေနဲ့လည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။