ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ရိုက်နှက် နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မတ်လဆန်းပိုင်းကစတင်ကာ အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ရဲမင်းထွန်းနဲ့ တပ်သား ဇေယျာထက်တို့ ၂ ဦး နိုင်ငံရေးအကျဉ်းသားတွေကို အပြစ်မရှိ မပြစ်ရှာ ရိုက်နှက် ညှဉ်းပန်းတာတွေ ပြုလုပ်လာတယ်လို့ အကျဉ်း ထောင်အသိုင်းဝိုင်းက သိရပါတယ်။
“အပြစ်မရှိ အပြစ်ရှာပြီးတော့ကို ရိုက်နေတာ သိရသလောက်။ အဲ့ ၂ ယောက်က တော်တော်ဆိုးနေတာ။ ရိုက်ရင်လည်း ခေါင်းတွေရော၊ မျက်နှာရော ရိုက်တာ”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက မျက်နှာနဲ့ ဦးခေါင်းကိုပါမရှောင် ဓာတ်ကြိုးနဲ့ ရိုက်နှက်လေ့ ရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို နှိက်စက်နေတဲ့အပြင် တခါတရံ အခြားပြစ်မှုနဲ့ ထောင်ကျနေတဲ့သူတွေကိုလည်း နှိက်စက်လေ့ရှိတယ်လို့ သိရပါတယ်။
ပုသိမ်အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ပြစ်ဒဏ်ကျခံပြီးသူ ၃၀ ကျော်နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူက ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။