ကရင်ပြည်နယ်၊ ကေအန်ယူနယ်မြေ မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာမှာ မတ်လ ၁၁ ရက် မနေ့ မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီ ခြေလျင်တပ်ရင်း ၉၇ ကို KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးပြီး ၁၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲဟာ အချိန် ၆ နာရီကျော် အထိကြာမြင့်ခဲ့ပြီး သေဆုံးတွေထဲမှာ ကော့ကရိတ်အခြေစိုက် ၉၇ တပ်ရင်းမှ တပ်ရင်းမှူးတယောက်နဲ့ ဗိုလ်မှူးတယောက်လည်းပါဝင်ကာ လက်နက် ၂၉ လက်နဲ့ တခြားခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေထံက RPG-7 ၂ လက်၊ စက်လက် ၁ လက်၊ K3 မောထော ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်၊ RPG ကျည် ၆ လုံး၊ ၆၀ မမ ကျည် ၅ လုံး၊ ၇၉ မမ ကျည် ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၂၄ လုံး၊ ဖုန်း ၁၅ လုံး၊ စနိုက်ပါ ကျည်ကတ် ၆ ခု၊ စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု၊ K3 ကျည် ၂၀၉၉ ခု၊ Nato စက်လက် ကျည် ၅၆၇ ခု၊ ဆွဲမိုင်း ၁လုံး၊ ငွေ ၃,၉၁၁,၁၁၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုက်ပွဲ ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်မှ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။