စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မတ် ၁၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညက နတ္ထောင့်ကျေးရွာမှာ တပ်စွဲညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီမနက် ၆ နာရီကျော်လောက်မှာ ပေါက်ပန်းဖြူကျေးရွာကို ရောက်လာပြီးနောက် ရုံးလေးပင်ကျေးရွာဘက်ကို မနက် ၇ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ် ၁ လုံး လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။
ရွာသားတွေကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ရန်ကို ကြောက်လို့ ဘေးလွတ်ရာကို ကြိုတင် ရှောင်တိမ်းနေကြတာကြောင့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
မီးလောင်နေတဲ့ နေအိမ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ကြ တာကြောင့် ထပ်မံမီးကူးစက် လောင်ကျွမ်းမှုအန္တရာယ်ကနေ လွတ်ကင်းသွားခဲ့တယ်လို့ ဒေါင်းမင်း PDF အဖွဲ့ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေါက်ပန်းဖြူကျေးရွာမှာပဲ ရှိနေသေးပြီး စစ်ရေး တင်းမာမယ့် အနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။
မတ် ၁၁ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်အတွင်းမှာ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးတာတွေလည်း ရှိခဲ့ပါတယ်။