နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး မတ် ၁၁ ရက်နေ့မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားလိုပြသက်သေကို အပြန်အလှန် စစ်မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အပြန်အလှန် စစ်မေးတာမှာ စွပ်စွဲထားတာတွေကို ချေဖျက်တဲ့ မေးခွန်းတွေ မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ဧပြီလ ၁၈ ရက်နေ့ အပြီးစစ်ဖို့နဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေလ ၂ ရက်နေ့မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့အနိုင်ရပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီးနောက်မှာ စစ်တပ်က နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ကာ တရားမဝင် အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။