မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၆ လမ်း၊ ၃၉ လမ်းကြားနဲ့ လမ်း ၄၀ လမ်းကြားရှိ နေအိမ်တခုမှာ မတ် ၁၀ ရက် ည ၇ နာရီဝန်းကျင်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲတဲ့အိမ်ဟာ အကွက်မှူး ဦးရဲမြင့်ရဲ့ နေအိမ်ဖြစ်ပြီး နေအိမ်အတွင်းရှိ လူ ၄ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်နေ ပြည်သူတဦးက “ဗုံးပစ်ခံရလို့ ပေါက်ကွဲတာ။ ခြောက်နှစ်အရွယ် ကလေး ၁ ယောက်နဲ့ လူကြီး ၃ ယောက် ဒဏ်ရာရတယ်။ သေနတ်တွေနဲ့ အရပ်ဝတ်တွေလည်း ရောက်လာတယ်၊ လူနာတင်ကားတွေရော၊ ဒဏ်ရာရသူတွေကို တင်သွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၅၂ A လမ်း၊ ၁၀၅ လမ်း နဲ့ ၁၀၆ ကြားမှာ အကွက်မှူး ဦးစိုးသိန်းဆိုသူလည်း မတ် ၁၀ ရက် ညနေ ၆ နာရီကျော်လောက်က သေနတ်နဲ့ပစ်ခံရပြီး လက်ပြင်နဲ့ လက်မောင်းတို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။