တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လင်ပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးကနေ သိရပါတယ်။
စက်တင်ဘာ ၇ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီဘက်က စစ်သင်္ဘောကနေ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့ပါတယ်။
မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်တို့က မစ်ရှင်တခု သွားလုပ်ဖို့အတွက် သွားတာ သတင်းပေါက်ကြားပြီး သူတို့ဘက်က အရင်ပစ်ခတ်တာပါ။ သူတို့ဘက်က ပစ်ခတ်တာ အလှမ်းဝေးနေတော့ ပစ်သံလောက်ပဲ ကြားရပြီး ကွဲသံ မကြားရပါဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်းနဲ့ စစ်ကောင်စီဘက်က နောက်ထပ်စစ်သင်္ဘောတစီး စစ်ကူလာချိန်မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေထံက သိရပါတယ်။
အခုလိုဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက် အပြန်အလှန် ရေကြောင်းတိုက်ခိုက်မှုဟာ ပုလောမြို့နယ်ထဲမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာလည်း ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရွာ၊ ဝန်ထမ်းရပ်ကွက်မှာ စက်တင်ဘာ ၅ ရက် မနက် ၅ နာရီခွဲလောက်က လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံး အနည်းငယ် ထိခိုက်ပျက်စီးပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“ဗုံးပေါက်ကွဲမှုကြောင့် တုန်ခါမှုပြင်းတယ်။ အိမ်နံရံ ကျောက်ပြားပါ ကွဲတယ်။ နေအိမ် သံပန်းတံခါးနဲ့ ပြတင်းပေါက်မှန်တွေ ပျက်စီးသွားတာတော့ ရှိတယ်။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက ဝန်ထမ်းရပ်ကွက်ရှိ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးနေပြီး ပုလောဘက်က စစ်ရှောင်လာတဲ့ လူငယ် ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ဖမ်းဆီးသွားတာက လူငယ်ချည်းပဲ။ ဖုန်းမှာစစ်တော့ ဘာမှမတွေ့လို့ ပြန်လွှတ်ပေးလိုက်တယ်။”
သြဂုတ် ၃၀ ရက်ကလည်း မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုက ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။