မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ်လ ၁၀ ရက် ညနေပိုင်းက မိုင်းမိပြီး သေဆုံးသွားတဲ့ ရဲတပ်သား ဂျော်ကာတိုးရဲ့ နာရေးကိုသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းခွဲတိုက်ခိုက်ခံရလို့ ထပ်မံသေဆုံးခဲ့တယ်လို့ ရေစကြို PDF ကနေ သိရပါတယ်။
“ရဲတပ်သားဂျော်ကာတိုးရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ သွားတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေရဲတွေကို ဒီကနေ့ ညနေ ၄ နာရီလောက်မှာ ရေစကြို PDF က မိုင်း ၃ လုံးဖောက်ခွဲ ပြီးတိုက်ခိုက်ခဲ့တာ။ ရဲတပ်သား ၃ ယောက် ထပ်မံ သေဆုံးခဲ့တယ်”လို့ ရေစကြိုPDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
ရဲတပ်သားဂျော်ကာတိုးကို ရေစကြိုPDF က ရေစကြိုမြို့ ကမ်းနားလမ်းမှာ ကင်းပတ်တဲ့အချိန် မိုင်ခွဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တာလို့လည်း ရေစကြိုPDF ခေါင်းဆောင်ကပြောပါတယ်။
“အွန်လိုင်း မီဒီယာတချို့နဲ့ သတင်းဌာနတချို့မှာပျံ့နှံ့နေတဲ့ ရဲတပ်သားဂျော်ကတိုးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းက မှန်ကန်မှုမရှိပါဘူး။ ကျနော်တို့ ဆီကို တိုက်ရိုက်မေးမြန်းမှုမရှိဘဲနဲ့ လျှောက်ရေးနေကြတာ။”
မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ ရဲတွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့ ကြိုတင်သတိပေးထားသလို သူတို့ရဲ့ အသုဘ တွေကိုလည်း လိုက်ပါပိုဆောင်တာတွေ မပြုလုပ်ကြဖို့ ထပ်ဆင့်သတိပေးထားပါတယ်။
ဒီကနေ့ ရဲတပ်သားနာရေးမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။