ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်မှော်မှာ မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်က နွံကန်ပြိုကျပြီး ဘတ်ဖိုးယာဉ် ၃ စီးနဲ့ ဖောက်စက် ၁ ခု ပါသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
''ကံကောင်းလို့။ ကျောက်တူးသမားတွေ လုပ်ငန်းခွင်ဝင်ခါနီး ပြင်နေချိန်ဆိုတော့ လူတွေတော့ မပါသွားဘူး။ ဘတ်ဖိုး ၃ စီး၊ ဖောက်စက် ၁ ခုတော့ ပါသွားတယ်။ တကယ်လို့သာ ကျောက်တူးသမားတွေ လုပ်ငန်းခွင်ဝင်နေချိန်ဆိုရင်တော့ အဲ့ကျောက်တူးသမားတွေ အကုန်သေနိုင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မနမှော်နဲ့ ဆိုင်းဂျာဘွမ်မှော်ကြားရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းက နွံကန်ပြိုကျလို့ အနီးရှိ တူးလက်စ ကျောက်လုပ်ကွက်အတွင်း နွံတွေ စီးဝင်သွားခဲ့တာကြောင့် လုပ်ကွက် ရပ်နားလိုက်ရပါတယ်။
ဇန်နဝါရီလလယ်ပိုင်းလောက်ကလည်း ဥရုချောင်းအနီးက နွံကန်တခုပြိုကျပြီး ဥရုချောင်းထဲ စီးဝင်ခဲ့တာကြောင့် ချောင်းရေညစ်ညမ်းပြီး အမှိုက်ပိတ်ဆို့တာတွေနဲ့ ရေကြီးရေလျှံတာတွေ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းလုပ်ကွက်ဟောင်းတွေက နွံကန်တွေဟာ နှစ်စဉ် ပြိုကျလေ့ရှိပြီး စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။