စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ဟာ နေပြည်တော် အချုပ်အထောင်အတွင်းမှာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးရုံတက်ရောက် ကုသရမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါက်တာမျိုးအောင်အနေနဲ့ ဆီးကြိတ်ရောင်ရောဂါနဲ့ လိပ်ခေါင်းရောဂါ ဝေဒနာတွေ ခံစားနေတဲ့အတွက် ဆေးရုံတက်ရောက်ကုသဖို့ စီစဉ်နေပြီး ဘယ်ဆေးရုံမှာ တက်ရောက်မယ် ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီက ဒေါက်တာမျိုးအောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲစွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွက် မြေနေရာချထားပေးတာမှာလည်း စစ်ကောင်စီက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားပါသေးတယ်။
အလားတူ ဒေါက်တာမျိုးအောင်ကို ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံတာနဲ့ ပတ်သက်လို့ အဂတိလိုက်စားတယ်ဆို ပြီး တရားစွဲဆိုထားပါသေးတယ်။
ဒီအမှုအတွက် တရားလိုပြသက်သေတဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကတော့ ကိုယ့်သဘောနဲ့ ကိုယ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။