ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ ရထားလမ်းပိုင်းကို စစ်ရေးအတွက် အသုံးချဖို့ စစ်ကောင်စီက ပြန်လည်ပြုပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အဲဒီရထားလမ်းပိုင်း ပြုပြင်နိုင်ဖို့အတွက် စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းအနီးကနေ စစ်တွေတက္ကသိုလ်အနီး ရထားလမ်းတလျှောက်ရှိ ကျူးကျော်နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဌာနဆိုင်ရာပေါင်းစုံက မတ်လ ၉ ရက် မနေ့မနက်က အင်အားသုံး ဖယ်ရှားခဲ့ကြပါတယ်။
အဲဒီရထားလမ်းပိုင်းကို ပြန်လည်ပြုပြင် ပြေးဆွဲတော့မှာ ဖြစ်တဲ့အတွက် ရထားလမ်းဧရိယာ ၇၅ ပေအတွင်းက ကျူးကျော်နေအိမ်တွေကို မတ်လ ၁ ရက် နောက်ဆုံးထား ဖယ်ပေးဖို့ သက်ဆိုင်ရာက သတိပေးထားခဲ့ပါတယ်။
အဲဒီရထားလမ်းကြောင်းကတဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို စစ်အင်အား ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ပြီး ပြုပြင်တာဖြစ်တယ်လို့ စစ်တွေဒေသခံတွေက သုံးသပ်နေကြပါတယ်။
စစ်တွေ မြို့မိမြို့ဖတဦးက "အမှန်ကိုပြောရရင် ရယ်စရာပါ။ ရထားလမ်း ဇလီဖားတုံးတွေကို ထင်းလုပ်ပြီး သုံးလိုက်ကြတာတောင် ရှိတယ်။ တချို့နေရာတွေမှာ မြေတွေဖုံးပြီး ရထားလမ်းတောင် မမြင်ရတော့ဘူး။ ဒီလိုလမ်းကိုမှ ဘဏ္ဍာငွေတွေ နောက်ထပ်သုံးပြီး ပြုပြင်လာတယ်ဆိုတာ စစ်ကြောင်းတွေ သွားနိုင်ဖို့ ရည်ရွယ်ချက် အပြည့်ပါတယ်။ ကားလမ်းကနေ စစ်အင်အားဖြည့်ရင် လူမြင်တယ်၊ သတင်းပေါက်ကြားသွားတယ်။ ဒါကြောင့် ဒီလမ်းက ဖြည့်တင်းမယ်" လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ ရထားလမ်းတွေကို အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှာ စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းအဖြစ် စတင်ခဲ့ပြီး စစ်တွေ-ရေချမ်းပြင် မီးရထားလမ်းပိုင်း ၁၁ ဒသမ ၄၆ မိုင်ကို ၂၀၀၉ ခုနှစ် မေ ၁၉ ရက်မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။
တိုက်ပွဲကာလအတွင်း နယ်မြေလုံခြုံရေးကို အကြောင်းပြပြီး ရထားပြေးဆွဲတာကို ယာယီ ရပ်ဆိုင်းထားခဲ့ရာက ရထားလမ်းတွေ ပျက်စီးသွားခဲ့ပြီး ဘဏ္ဍာငွေ အမြောက်အမြား ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ အရင်ကလည်း ရထားတွေ ပြေးဆွဲခဲ့ပေမဲ့ စီးမယ့်သူမရှိဘဲ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ရေချမ်းပြင် ဒေသခံတဦးက "ရထားကို ဘယ်သူကစီးမှာလဲ၊ အချိန်ကြာတယ်လေ၊ စစ်တွေက ရေချမ်းပြင်ကို သုံးဘီးဆိုင်ကယ်နဲ့ သွားရင် နာရီဝက်တောင် မကြာဘူး။ ရထားနဲ့ ဘယ်သူသွားမှာလဲ။ ဆီဈေးကကြီးတော့ အရှုံးပေါ်မှာပဲ။ ဒါပေမဲ့ သူတို့မှာ စစ်ကြောင်းတွေကို ရထားနဲ့ပို့ဖို့ အစီအမံနဲ့ ပြန်လုပ်တာ။ အမှန်တကယ်လုပ်မယ်ဆို စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းအားလုံးကို ပြုပြင်လေ။ အခုက စစ်တွေနဲ့ ရေချမ်းပြင် တခုတည်း ပြန်လုပ်တာ" လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၃၂ မိုင်ခွဲရှိတဲ့ ကျောက်တော် -မြောက်ဦး ရထားလမ်းပိုင်း၊ ပုဏ္ဏားကျွန်း (ကွမ်းတောင် )-ကျောက်တော် ၄၃ မိုင်လမ်းပိုင်း၊ စစ်တွေ -ရေချမ်းပြင် ၁၁ မိုင်လမ်းပိုင်း၊ ကွမ်းတောင် - ပုဏ္ဏားကျွန်း-ယိုးတရုတ် ၂၂ ဒသမ ၇၂ မိုင်လမ်းပိုင်းနဲ့ ယိုးတရုတ်-ကျောက်တော် ၁၉ ဒသမ ၈၂ မိုင်အရှည် ရထားလမ်း စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုအခါ အဲဒီရထားလမ်းပိုင်းတွေကို တခုမှပြုပြင်တာမရှိဘဲ ရေချမ်းပြင်-စစ်တွေ ရထားလမ်းပိုင်း တခုတည်းကိုပဲ ပြန်လည်ပြုပြင်ပြီး ရထားပြေးဆွဲနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း လျှပ်စစ်ရထားတွေ၊ မိုးပျံရထားတွေ ပြေးဆွဲမယ်လို့ နိုင်ငံတဝန်း လှည့်လည်ပြောကြားနေတာဖြစ်ပါတယ်။