ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့ထဲမှာ မတ်လ ၉ ရက် ညက မီးလောင်ပြီး အိမ်အကူ မိန်းကလေး ၁ ဦး မီးသင့်သေဆုံးသွားကာ အိမ်ဆိုင် ၃ လုံး ဆုံးရှုံးသွားပါတယ်။
တန့်ယန်းမြို့ ရပ်ကွက် ၃ မင်းလမ်းမကြီးပေါ်မှာ မီးလောင်တဲ့အကြောင်း ည ၉ နာရီ မိနစ် ၄၀ မှာသတင်းရလို့ မီးသတ်ကား ၅ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ သန်းခေါင်ကျော် ၁၂ ခွဲလောက်မှာ မီးညွန့်ကျိုးသွားခဲ့ပေမဲ့ အိမ်ဆိုင် ၃ လုံးတော့ မီးထဲပါသွားပြီး မီးကျွမ်းနေတဲ့ အမျိုးသမီးအလောင်း ၁ လောင်းကိုတွေ့ရတယ်လို့ တန့်ယန်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တာသိသိချင်း ကျနော်တို့ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားကူငြှိမ်းကြပါတယ်။ ရပ်ကွက်ထဲကလူတွေလည်း ဝိုင်းငြှိမ်းကြတယ်၊ အိမ်က နှစ်ထပ်ပျဉ်ထောင် ရှေးအိမ်ကြီးတွေ၊ အပေါ်ထပ်မှာလူနေပြီးတော့ အောက်ထပ်မှာဈေးဆိုင်တွေဖွင့်ထားတာခင်ဗျ၊ ပြီး တော့တအိမ်နဲ့တအိမ်ကပ်နေတော့ မီးကူးတာမြန်တယ်။ ၁၂ နာရီခွဲမှာ မီးညွန့်ကျိုးပြီး ၃ အိမ်လောင်သွားပါတယ်၊ အလယ်အိမ်ထဲကနေ Dead Body တစ်ခု တွေ့တယ် ၊ မီးကျွမ်းနေတဲ့ မိန်း ကလေးတယောက်ပါ။ အသက်က ၁၂ နဲ့ ၁၆ ကြားရှိမယ်လို့ ခန့်မှန်းရတယ်။ အိမ်ဖော်မိန်းကလေးလို့လည်း ပြောတယ်ခင်ဗျ။”
မီးထဲပါသွားတဲ့အိမ်တွေမှာ တရုတ်ရိုးရာတိုင်းရင်းဆေးဆိုင် ဖွင့်ထားတဲ့အိမ် ၊ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ်နဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်တွေဖြစ်ကြပြီး ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းနဲ့ မီးစလောင်ရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
တန့်ယန်းမြို့မှာ နေ့စဉ်ညနေ ၅ နာရီမှ သန်းခေါင်ကျော်ထိ လျှပ်စစ်မီးမရတဲ့အတွက် ဝါယာ ရှော့တ် မဖြစ်နိုင်ကြောင်း ၊ လျှပ်စစ်မီးမရှိတော့ ဖယောင်းတိုင်ထွန်းရာက လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။