ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကဆောပလိုအောက်ကျေးရွာမှာ မတ် ၈ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းထဲ ဝင်ရောက်ပြီး ရွာသားတဦးကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရားကျောင်းပိုင် ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် လစာနဲ့ ရိက္ခာ ပို့လာတဲ့ ကား ၅ စီးဟာ သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာ အကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ဒေသခံ ကျေးရွာသားတွေက ဆိုပါတယ်။
ဒေသခံကျေးရွာသားတဦးက "သူတို့ကားကို အမည်မသိ အဖွဲ့အစည်းက ကြားဖြတ်တိုက်လို့ သူတို့လူ ၃ ယောက်သေပြီး ဒဏ်ရာရကြတယ် ကြားတယ်။ အဲဒါကို မကျေနပ်လို့ ရွာထဲဝင်လာပြီး မစုံစမ်း မမေးမြန်းဘဲ အပြစ်မရှိတဲ့ ရွာသားတဦးကို ပစ်သတ်လိုက်တယ်။ ဘုရားကျောင်းပစ္စည်းတွေနဲ့ အိမ်တွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာခဲ့တဲ့အတွက် ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခံရမှာကို စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးပုန်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။
သံတောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေဟာ တပိုင်တနိုင် ဥယျာဉ်ခြံလုပ်ငန်းခွင် ဝင်ရောက်ရာမှာ လွတ်လပ်စွာ သွားလာခွင့် မရှိတဲ့အပြင် စစ်ကောင်စီရဲ့ နေ့စဉ် လုပ်ငန်းခွင်တွေအထိ စစ်ဆေးမေးမြန်းတာတွေ ရင်ဆိုင်နေရတဲ့အတွက် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေရပါတယ်။
ဖေဖော်ဝါရီလက စတင်ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊ လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို တရက် ၃ စီးသာ ခွင့်ပြုထားပါတယ်။