ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ခန်းမမှာ မတ် ၉ ရက် ဒီနေ့ ည ၇ နာရီခွဲလောက်က ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ည ၇ နာရီ ခွဲလောက်က မြို့နယ်ခန်းမမှာ ပေါက်ကွဲမှုဖြစ်တာ။ အသံ အတော်ကျယ်တယ်။ မီးတောက်တွေလည်း မြင်ရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သေနတ်ပစ်သံတွေလည်း ဆက်တိုက် ထွက်လာတယ်။ အပြန်အလှန် ပစ်တာတော့မဟုတ်ဘူး။ မှန်းပစ်ပစ်နေတာ၊အချက် ၄၀ ကျော်တယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ ညဘက်ဖြစ်နေသလို ပစ်ခတ်မှုကလည်း ဆက်တိုက်ဖြစ်နေတဲ့အတွက် သွားမကြည့်ရဲလို့ လူထိခိုက်ဒဏ်ရာရမှု ရှိမရှိ အခြေအနေ မသိရသေးဘူးလို့ အနီးနားနေသူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ထန်းခြောက်ပင် လမ်းဆုံကို ပိတ်ဆို့ပြီး စစ်ကောင်စီက ဆိုင်ကယ်စီးလာသူတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။