Home
မြန်မာသတင်း
တပတ်အတွင်း လူ ၅ သောင်းကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းရ၊ စုစုပေါင်း ၅ သိန်းကျော်ရှိလာ
DVB
·
March 9, 2022
big_dc2fa89d56bcdb525810ec2638620526ba89349a

တပတ်အတွင်း လူ ငါးသောင်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး ပြီးခဲ့တဲ့ မတ် ၁ ရက်အထိ စုစုပေါင်း ၅ သိန်းကျော်ထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ ရှမ်းပြည်နယ်ကနေ မူလနေထိုင်ရာဒေသဖြစ်တဲ့ ကယားပြည်နယ်ကို ပြန်နေကြပေမယ့် ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ဟာ နေရပ်စွန့်ခွာရတာတွေ တကျော့ပြန်လည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အရှေ့မြောက်ပိုင်းဒေသ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် လူဦးရေ ၁ ထောင်လောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ UNHCR က ဆိုပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းဒေသမှာတော့ ဘေးကင်းလုံခြုံမှု အခြေအနေ မတည်ငြိမ်ဖြစ်နေပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် သီးနှံရိတ်သိမ်းမှုတွေနဲ့ တခြား သက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတွေမှာလည်း ပြင်းထန်စွာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပွားနေတာပါ။ အဆိုပါဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာသူတွေဟာ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားသော အခြေခံလိုအပ်ချက် ဝန်ဆောင်မှုတွေ စတဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး ချင်းပြည်နယ်မှာလည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပေါက်တောမြို့တွေက နေရပ်စွန့်ခွာ စခန်းတွေမှာ နေထိုင်နေကြတဲ့ နေရပ်စွန့်ခွာ နေထိုင်ရသူ တချို့မှာလည်း ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ မလုံလောက်တာကြောင့် ကာလဝမ်းရောဂါ ကူးစက်ခံစားနေကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024