တနင်္သာရီတိုင်း ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ အမြောက်တပ် ဗျူဟာမှူး အပါအဝင် ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က မတ် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက် မနက် ၉ နာရီခွဲလောက်က ကျောင်းပို့ပြန်လာတဲ့ ရေးမြို့နယ်အခြေစိုက် ၃၁၆ အမြောက်တပ် တပ်ဖွဲ့ဝင်တွေကို ရန်ကုန် - ရေး - ထားဝယ် - မြိတ်ကားလမ်းမပေါ် ကလော့လေးနဲ့ ဝယ်ရက်ကျေးရွာအကြားမှာ ရေး YGF က မိုင်းဆွဲတိုက်ခိုက်ရာမှာ ဗျူဟာမှူးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် YGF က စစ်ဆင်ရေးအပြီး အပြန်လမ်းခရီးတနေရာမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ရာမှ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သလို ရေး YGF တပ်ဖွဲ့တွေက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကျုံလောင်းရွာဟောင်းကျေးရွာအုပ်စုက ခြံသမားတွေကို စစ်ကောင်စီဘက်က စစ်ဆေးမေးမြန်းခဲ့ပြီး တိုက်ပွဲတွေ ထပ်မံဖြစ်လာမှာကိုလည်း ခြံသမားတွေက စိုးရိမ်နေကြပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုတာတွေ မရှိသေးပါဘူး။