ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက နစကလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရတာကြောင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသွားပါတယ်။
မူဆယ်မြို့မြောက်ရပ်ကွက် တော်ရွက်အဆင်းလမ်းရှိ နေအိမ်တအိမ်က အသုဘတစ်ခုကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရောက်နေကြောင်း၊ နေ့ခင်းပိုင်း အသုဘသွားချနေတုန်း တချို့က အိမ်စောင့်ကျန်ခဲ့ကြောင်း၊ အိမ်ဝင်းထဲမှာ လူ ၈ ယောက်လောက်ထိုင်နေစဉ် သေနတ်သမားတွေက လာပစ်သွားတာလို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့အိမ်ဝင်းထဲမှာ ထိုင်နေတာ ၈ ယောက်ပေါ့။ အဲဒီမှာ သေနတ်သမားတွေက ဆိုင်ကယ်စီးပြီးတော့ ဝင်ပစ်သွားတာ။ လာပစ်တာ ဘယ်နှယောက်လဲတော့မသိဘူး။ အိမ်ဝင်းထဲ ၈ ယောက်ရှိတဲ့ထဲက သေနတ်မှန်တာ ၄ ယောက်၊ ၂ ယောက်က ဆုံးသွားပြီ၊ ပရဟိအဖွဲ့က မူဆယ်ဆေးရုံပို့ထားတယ်။
အပစ်ခံရတဲ့သူတွေဟာ မော်ဆောင်းပြည်သူ့စစ်အဖွဲ့ကဖြစ်ကြောင်း၊ ဆိုင်ကယ်နဲ့ လာပစ်သွားသူတွေကတော့ ဘယ်လက်နက်ကိုင်အဖွဲ့ကဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မူဆယ်မှာ နစကလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ သုံးလေးဖွဲ့လောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနဲ့ပြည်သူ့ကာကွယ်ရေး ဟုတ်တိပတ်တိ လုပ်ဆောင်တာမတွေ့ရဘဲ မြို့ပြင်ဘက်မှာ ကာစီနို၊ လောင်းကစားနဲ့ ကာရာအိုကေတွေဖွင့်ပြီး စီးပွားရေးလုပ်ကြောင်း၊ အချင်းချင်းကြားမှာလည်း မကြာခဏစကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။