ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်မှာ ဒီနေ့မနက်အစောပိုင်းကတည်းကစတင်ကာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ JPDF၊ KNDF၊ ဒီးမော့ဆို- PDF တို့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်း သေဆုံးပြီး KDF က MA -1 အမျိုးအစားခေါ် သေနတ် ၂ လက် ရရှိခဲ့တယ်လို့ KDF ပြောခွင့်ရသူက ပြောပါတယ်။
“မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲက ကျောက်ဆည်ကန်နားမှာ ကျနော်တို့က ကျားထိုး ထိုးတာပေါ့။ ကျနော်တို့ အဲလိုထိုးတဲ့အချိန်မှာ တနေကုန်နီးပါးတော့မဟုတ်ပေမယ့် ညနေ ၃ နာရီလာက်မှာ တိုက်ပွဲက ရပ်သွားတာပေါ့နော်။ အဲဒီအတောအတွင်းမှာ သူတို့အကျအဆုံးစာရင်းက ၄၀ ကျော်လောက်ကျတာပေါ့။ ကျနော်တို့ အဲဒီအချိန်မှာ နယ်မြေရှင်းလင်းရေးပြန်လုပ်တော့ သေနတ်တွေ ရခဲ့တာပေါ့နော်။ သူတို့ အကျအဆုံးစာရင်းကတော့ ၄၀ ကျော်နိုင်တယ်။ ၅၀ လည်း ကျော်နိုင်တယ်ပေါ့နော်။”
နယ်မြေရှင်းလင်းရေး ပြန်လုပ်တဲ့အချိန် KDF တပ်က သေနတ် ၂ လက်ရသလို တခြား ဒီးမော့ဆို PDF၊ KNDF တွေလည်း လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင် ဖမ်းဆီးမိထားတယ်လို့ သိရပါတယ်။
ဒီနေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာတော့ စစ်ကောင်စီတပ်က ဒီးမော့ဆို ဒေါငံခါကျေးရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
“လေယာဉ်နဲ့ ပစ်တဲ့အချိန်မှာက ကျနော်တို့ ကိုယ်တိုင်လည်းရှိတယ်။ ကျနော်တို့ အနီးစပ်ဆုံးနေရာမှာကိုပဲ လေယာဉ် ဗုံးကြဲသွားတာပေါ့နော်။ အဲဒီမှာ တောမီးလောင်တဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့နော်။ မြက်ခင်းအခြောက်တွေမှာ ဗုံးကြဲတော့ မီးလောင်တဲ့ အနေအထား တခုတော့ရှိတယ်။”
ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သလို ဒီးမော့ဆို PDF က တပ်သားတဦးလည်း လက်နက်ကြီးကျည်ထိမှန် ကျဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီ (ကယား) ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်းအားလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နယ်မြေတချို့ကနေ ဆုတ်ခွာခဲ့ရပေမယ့် ကြံ့ကြံ့ခံတောင့်ခံထားဆဲပဲလို့ KDF ကပြောပါတယ်။
မနေ့ မတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။