ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မတ် ၅ ရက်က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် သေးဆူးလဲကျေးရွာနဲ့ ဒေါနော်ကူကျေးရွာကြားမှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီနေ့မှာပဲ ငွေတောင်ကျေးရွာအုပ်စုထဲက ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်မှာ စစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တနေ့ကုန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၅ ဦးထက်မနည်း သေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် CTU နည်းပညာလက်ရုံးရေးတပ်ရဲ့ ဒရုန်းတစီး ထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
မတ် ၅ ရက် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ( DMO- local PDF)၊ KGZတပ်ဖွဲ့၊ ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးရေးတပ်နဲ့ တခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ပွဲအပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ညနေပိုင်းမှာ ပြည်သူတွေရှိရာနေရာကို တာဝေး အမြှောက်နဲ့ပစ်ခတ်ခဲ့တယ်လို့ DMO PDF က သိရပါတယ်။
ဒီးမောဆို တိုက်ပွဲနဲ့ပတ်သက်ပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
photo ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့