စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွပ်ချောင်ကျေးရွာက ပြည်သူ့နေအိမ် ၁၀ လုံးကျော်ကို မတ် ၆ ရက်မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့မြောက်ဘက် တစ်မိုင်ဝန်းကျင်အကွာ ထီးချိုင့်-ကသာ သွားလမ်းပေါ်က သခွပ်ချောင်ကျေးရွာကို ခြေလျင်အင်အား ၄၀ ကျော်နဲ့ ဒီနေ့ မနက် ၄ နာရီလောက်က ဝင်ရောက်စီးနင်းခဲ့ပြီး မနက် ၆ နာရီလောက်မှာ မီးစတင် ရှို့ခဲ့ကြတာလို့ သိရပါတယ်။
သခွပ်ချောင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဝင်စီးပြီး လိုက်လံရှာဖွေခံရချိန်မှာ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ခံ တစ်ဦးက "လူတွေဘာတွေ လိုက်ရှာတာပါ။ အိမ်တွေ လိုက်ရှာပြုပြီးတော့မှ ခု ပြန်ဆုတ်သွားတာလေ။ ပြန်ဆုတ်သွားတော့ ရွာသားတွေကပြန်ပြီး မီးငြှိမ်းပေမဲ့ ၁၁ လုံးတော့ လောင်သွားတယ်" လို့ ပြောပါတယ်။
မတ် ၄ ရက်ညက ထီးချိုင်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရ တယ်လို့လည်း သိရပါတယ်။
ထီးချိုင့်မြို့ပေါ်မှာတော့ လတ်တလော အခြေအနေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်မှာတော့ အင်တာနက်ဖြတ်တောက်ထားတာ ၃ ရက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။