စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နေပူကုန်းကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်တပ်ဟာ နေပူကုန်းကျေးရွာက လူနေအိမ်တွေကို မီးရှို့ရုံသာမက အိမ်မွေးတိရစ္ဆာန်တွေပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
“သူတိုက ကျနော်တို့ ဧရာဝတီမြစ်တဖက်ကမ်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမှာ စစ်သင်္ဘောကပ်ပြီး ကျနော်တို့အနောက်ဘက်ကမ်းက ရွာတွေကို နေ့စဉ်အနိုင်ကျင့် ပစ္စည်းယူနေတဲ့ ကောင်တွေပါ။ အခုဟာက ပစ္စည်းယူရုံတင်မကတော့ဘူး နေအိမ်ပါမီးရှို့လာကြပြီ။ ကျနော် အကိုတို့ ဒီဗွီဘီသတင်းဌာနကနေ မင်းအောင်လှိုင်ကိုပြောချင်ပါတယ်။ ခင်ဗျားတို့ စစ်တပ်က ပြည်သူကို ကာကွယ်တဲ့ စစ်တပ်လား။ ပြည်သူဆီက ဓားပြတိုက်တဲ့စစ်တပ်လား။ ဓားပြတိုက်တဲ့ စစ်တပ်ဖြစ်တယ်ဆိုရင်လည်း တရားဝင် ခင်ဗျားတို့ လော်ဘီအသံလွင့်ဌာနတွေဖြစ်တဲ့ MRTV တို့၊ မြဝတီတို့ကနေ ဟုတ်ပါတယ်လို့ လက်ခံလိုက်ပါ။ အဲလိုလက်ခံလိုက်တယ်ဆိုရင်ရပြီ။ ကျနော်တို့ပြည်သူတွေရှိတဲ့ စားသောက်စရာအကုန်ပေးလိုက်မယ်။ အခုဟာက ပြည်သူတွေကို မတရားလုပ်နေတယ်” လို့ မြောင်မြို့နယ် နေပူကုန်းရွာသားတစ်ဦးက ပြောပါတယ်။
နေပူကုန်းကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်ပြီး မတ် ၄ ရက်နေ့ တရက်တည်း စစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် ၃၀ လောက် မီးလောင်ခဲ့ပြီး ကျေးရွာက နွား ၇ ကောင်နဲ့ နေအိမ်တွေက ပစ္စည်းတွေကိုလည်း ရှာဖွေဖျက်ဆီး ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။