ပဲခူးတိုင်း၊ ပြည်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို “သတ္တိရှိရင်လက်နက်မပါပဲလာခဲ့” ဆိုပြီး စိန်ခေါ်တဲ့ ပိုစတာချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တချို့ကို စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းမှာ ယတြာချေဖို့ ပြည်မြို့ကိုလာဖို့ရှိတဲ့အတွက် သူ့ကို ပြည်မြို့က မကြိုဆိုဘူး၊ သတ္တိရှိရင်လက်နက်မပါပဲလာခဲ့ စတဲ့ ပိုစတာဆိုင်းဘုတ်တွေကို ပြည်မြို့က လူငယ်တွေ မတ်လ ၄ ရက် ဒီကနေ့ မြို့လယ်ကောင်နေရာတွေမှာ လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကြောင့် လူငယ်တချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေရာမှာ အနည်းဆုံး လူငယ် ၃ ယောက်လောက် ဒလန်ရဲ့ သတင်းပေးမှုကြောင့် ဖမ်ဆီးခံရတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရွှေဟင်္သာအနောက်ပေါက်ဘက်မှာ ခဏလာနေတဲ့ လူငယ် ၃ ယောက်ကို လာဖမ်းတာ နာမည်စာရင်းနဲ့ ဒလန်က သတင်းပေးလိုက်တာ၊ တယောက် လွတ်သွားတယ်။ ၂ ယောက် အဖမ်းခံ လိုက်ရတယ်။ နောက် ဆင်ဆုရပ်ကွက်ထဲက မိန်းကလေးတယောက်ကိုလည်း လာဖမ်းသွားတယ်။ စုစုပေါင်း ၃ ယောက်တော့ ကြားထားတယ်။ ထပ်တော့ဖမ်းသေးတယ် ထင်တယ်၊ ကိုးသောင်း အ.မ.က ကျောင်းနဲ့ အ.ထ.က (၄) အနားမှာလည်း ဖုန်းထဲက ဓာတ်ပုံနဲ့တိုက်ပြီး လူရှာနေတာတွေ အနားက လက်ဖက်ရည်ဆိုင်တွေထဲအထိဝင်ရှာနေတာလဲတွေ့ရတယ်။ ထပ်မိ၊ မမိတော့ မသိရသေးဘူး။”
စစ်ခေါင်းဆောင် လာမယ်ဆိုတာကြောင့် ပြည်မြို့က လမ်းမကြီးတွေကို ရေနဲ့လိုက်ဖျန်းတာတွေ၊ ဆေးသုတ်တာတွေကို စည်ပင်သာယာရေးအဖွဲ့ကလိုက်လုပ်နေပြီး ပြည်လေယာဉ်ကွင်းကိုလည်း အစောင့်ထူထပ်စွာချထားကာ နေရာအနှံ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။