ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးနဲ့ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ မတ်လ ၄ ရက်က တိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
စည်ပင်ရုံးကို ဖုန်းနဲ့ထောင်ထားတဲ့မိုင်း ခွဲခဲ့တာဖြစ်ပြီး ရပ်ကွက်ရုံးကို ဗုံးနဲ့လှမ်းပစ်ပြီး ခွဲခဲ့တာလို့ တောင်ငူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
"စည်ပင်ရုံးကိုတော့ ဗုံးနဲ့ခွဲရုံ ခွဲခဲ့တာဖြစ်ပြီး အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုတော့ ဗုံးခွဲပြီး အသံကြားလို့ စစ်ကောင်စီတပ်သားတွေ ရောက်လာခဲ့ရင် တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာ၊ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကိုယ်တွေဘက်က မတိုက်ခိုက်နိုင်ခဲ့ဘူး။ သူတို့ဘက်ကလည်း ရဲ ၂ ယောက်ပဲလာတာ။ အဲ့ဒီရဲတွေကပဲ စပစ်ခတ်တာ။ ကျနော်တို့က လွတ်မြောက်ရာကို စွန့်ခွာပေးလိုက်ရတယ်။"
ဗုံးကွဲမှုကြောင့် လူအထိအခိုက် အကျအဆုံးတော့ မရှိပေမဲ့ စည်ပင်ရုံးကတော့ ဆိုင်ကယ်တစီးနဲ့ ကားတစီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
တောင်ငူမြို့နယ်စည်ပင်သာယာရေးရုံးက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိပြီး ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကတော့ ၁၁ ရပ်ကွက်မှာ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း တောင်ငူမြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ ခြံရံပြီး မီတာပုံးတွေ လိုက်ဖြုတ်ပေးနေတဲ့ လူတယောက်ကို တောင်ငူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့က သတ်ဖြတ်ခဲ့ပါသေးတယ်။