မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာ မတ်လ ၃ ရက် ဒီနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထ စစ်ကောင်စီတပ်တွေနဲ့ လောင်းရှည်PDF တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
လောင်းရှည်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ဆောမြို့ဘက်ကို စစ်ကြောင်းထိုးလာလို့ မနက် ၉ နာရီလောက်မှာ လောင်းရှည်PDF က တောင်ဘို့ကြီးရွာအလွန် ကြသောင်းတောင်နားမှာ မိုင်း ၂ လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ လောင်းရှည်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကြသောင်းတောင်ကြောမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကျနော်တို့ ဘက်ကလည်း လက်နက်ကြီးနဲ့ ၁၃ ချက်လောက်ပစ်ခဲ့လို့ စစ်ကောင်စီတပ်တွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစတာ တိုက်ပွဲ ဖြစ်ပွားချိန် ၈ နာရီလောက် ကြာမြင့်ခဲ့တယ်”။
လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အော်ဟစ် ဆဲဆိုသံတွေလည်း ကြားရကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရ အခြေအနေကို အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အစပ်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ စစ်ကောင်စီတပ်တွေကို ကန်ပက်လက် CDFနဲ့ လောင်းရှည်PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။