စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အုတ်ဖိုကျေးရွာကို မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီလောက် စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦးနဲ့ ဒေသခံအမျိုးသား ၃ ဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်တွေ ဒီနေ့ မနက်ခင်းပိုင်း (မတ် ၁ ရက်) က ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ဆောင်တယ်။ အဲဒီလိုလုပ်ပြီး တွေ့တဲ့သူ အကုန်ပစ်သတ်တာပဲ။ အဲဒီရွာအနီးမှာ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ သူတို့ သတ်ချင်လို့ကို သတ်တာ။ သတ်တာကတော့ ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တာ။ သေဆုံးတာက ရပ်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF ၂ ဦးရယ်၊ ပြည်သူ ၃ ဦး မီးရှို့သတ်ခံရတယ်” လို့ ရေဦး ပကဖတာဝန်ရှိသူက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ် အုတ်ဖိုရွာကနေ ကွမ်းအုံရွာနဲ့ တောင်ခွင်ရွာတွေဘက် ဆက်လက်မွှေနှောက်နေပြီး ဒေသခံရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ ရွာအတွင်း ကင်းပုန်းချထားမှာကို စိုးရိမ်တာကြောင့် ရွာအတွင်း ပြန်မဝင်ရဲသေးဘူးလို့ သိရပါတယ်။