မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ဖေဖော်ဝါရီ ၂၆ ၊၂၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မြောက်ရွာ၊ ကျွန်းညိုရွာ၊ နတ်ပေးရွာ၊ ခြံယာရွာနဲ့ နွယ်နီကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားကြတာလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဒေသက တောင်သူလုပ်ငန်းကိုပဲ အဓိကအားထားလုပ်ကိုင်ကြရတာ။ နေအိမ်တစ်လုံး ဖြစ်မြောက်ဖို့ အနည်းဆုံး ၅ နှစ်လောက်ကနေ ၁၀ နှစ်လောက်အထိ စုဆောင်းပြီးမှာ တည်ဆောက်ကြရတာ။ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ကောင်စီတပ်သားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ ဖေဖော်ဝါရီလ ၂၆ ရက်က စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်နဲ့ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်ပူပေါင်းတပ်ဖွဲ့ ၈ ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးကာ ၃ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသက ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေတာရယ် စစ်ကောင်စီတပ်တွေရွာထဲကို ဝင်ရောက်ပြီး ဖမ်းဆီးနှိပ်စက်မှာကို ကြောက်လန့်ပြီး ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။