စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့မီးရှို့မှုကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ် ၃ ပုံ ၂ ပုံလောက် မီးလောင်ကျွမ်းသွားပြီး ခန့်မှန်းအိမ်ခြေ ၁၅၀ လောက် မီးလောင်ကျွမ်း ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့မနက် ၁၁ နာရီဝန်းကျင်လောက်က ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ရောက်ရှိလာတာကြောင့် ဒေသခံပြည်သူတွေကလည်း ကြောက်လန့်တကြီး ထွက်ပြေးကြရကာ လူ့အသုံးဆောင်ပစ္စည်းတွေတောင် သယ်ယူချိန်မရလိုက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူတွေရဲ့ ဖမ်းဆီးခံရမှုအခြေနေကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးသလို စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ကျေးရွာအတွင်းမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
သပြေအေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းမှာ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက တာဝေးပစ်လက်နက်နဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပြေအေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၇ ရက်ကလည်း ဝင်ရောက်လာပြီး လူနေအိမ်တွေကို ဖျက်ဆီးကာ ရွာသားတွေရဲ့ အဖိုးတန်ရွှေ၊ ငွေနဲ့ စားသောက်စရာတွေ ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
သပြေအေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းကို နောက်မှ ပြန်လာယူခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။