ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ မြန်မာပြည်က ရှမ်းအလုပ်သမား ၁ ဦး တူးမြောင်းထဲ ငါးသွားဖမ်းရင်း ရေထဲ မျောပါသေဆုံးသွားခဲ့ပါတယ်။
အသက် ၃၇ နှစ်ရွယ်ရှိ စိုင်းရွက်ဆိုသူ ပန်းရန်ဆေးသုတ်အလုပ်သမား ၁ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက ဟတ်ယိုင်မြို့နယ် ခေါင်းလမ်အုပ်စု ထုန့်ဆုမ့်ရပ်ကွက်ထဲရှိ တူးမြောင်းတစ်ခုမှာ ပိုက်ကွန်နဲ့ ငါးဖမ်းစဉ် မတ်စောက်တဲ့ ကမ်းစပ်ကနေ ရေထဲ ပြုတ်ကျသွားခဲ့တာလို့ ဆယမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
သူဟာ ရေကူးပြီး ကမ်းစပ်ပြန်တက်ဖို့ ကြိုးစားခဲ့သလို အနီးနားနေ ပြည်သူတွေကလည်း သူ ဆွဲပြီးတက်လာဖို့ ကြိုးစတွေ ပစ်ပေးခဲ့ကြောင်း၊ ရေစီးက သန်တာကြောင့် ၃ ကီလိုအကွာ ဘန်ဖက်ရေတံခါးအနီးမှာ သူဟာ ခြေကုန်လက်ပန်းကျပြီး ရေထဲမြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေ၊ ကယ်ဆယ်ရေးအဖွဲ့၊ ရေတပ်မတော်နဲ့ ရေငုပ်ကျွမ်းကျင်သူတွေဟာ နေ့ရောညပါ သူ့ကို ၂ ရက်ကျော် ရှာဖွေခဲ့ပေမယ့် မတွေ့ကြောင်း၊ ၃ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မနက် ၈ နာရီခွဲလောက်မှာတော့ ရေထဲပြုတ်ကျခဲ့တဲ့ နေရာနဲ့ ၄ ကီလို မီတာခန့်အကွာ အမှိုက်သရိုက်တွေကြား ပေါလောပေါ်လာတဲ့ သူ့အလောင်းကို ပြန်တွေ့တာလို့ ဆိုပါတယ်။
သေဆုံးသူ စိုင်းရွက်ဟာ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ကဖြစ်ပြီး ဟတ်ယိုင်မှာ အလုပ်လာလုပ်နေတာ ၇ နှစ်ရှိသွားပြီလို့ လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။