ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာက ပြည်သူတွေဟာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် တောတောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတချို့က တောတောင်တွေထဲမှာ တိမ်းရှောင်နေခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီး တစ်ရွာလုံးတောတောင်တွေမှာ တိမ်းရှောင်နေကြရတာပါ။
တိုက်ပွဲရှောင် ဒေသခံရွာသား တဦးက "တိုက်ပွဲစဖြစ်တော့ တချို့တွေပဲပြေးကြတာ၊ တောထဲမှာနေလိုက် တိုက်ပွဲမဖြစ်ရင် အိမ်ပြန်လာလိုက်ပေါ့။ အခုတော့ တစ်ရွာလုံး တောထဲမှာ ပုန်းနေကြတယ်။ သတင်းတွေအမျိုးမျိုးကြားလို့ပေါ့။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်မှာကြောက်လို့ ဟုတ်တယ်။ စစ်တပ်က တချို့လူတွေကို ရှောင်ခိုင်းသလို၊ အလံဖြူတွေထောင်ဖို့ ပြောသံတွေကော ကြားတယ်။ သတင်းက အမျိုးမျိုးပဲ၊ အဲတာကြောင့် ရှောင်နေကြတာ"လို့ ပြောပါတယ်။
လုံရှာယန်က ပြည်သူတွေထဲက ပူတာအိုမြို့ကို တိမ်းရှောင်သူတွေလဲရှိပါတယ်။ တချို့သော အိမ်ထောင်စုတွေက မြစ်ကြီးနားမြို့ကို တိမ်းရှောင်ဖို့ရှိပေမဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိတ်နေသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ရွာခံတွေကနေ သိရပါတယ်။
တိုက်ပွဲတိမ်းရှောင်နေတဲ့ ပြည်သူတွေဟာ လတ်တလော စားသောက်ဖို့ စာနပ်ရိက္ခာရှိသေးပေမဲ့ ရေရှည်အတွက်တော့ လောက်မှုမရှိဘူးလို့ ပြောပါတယ်။
လုံရှာယန်ကျေးရွာဟာ အိမ်ထောင်စု ၉၀၀ လောက် ဝန်းကျင်ရှိတဲ့ ကျေးရွာဖြစ်ပြီး အခုအချိန်မှာ လူဦးရေ ၂၀၀၀ လောက် တောတောင်တွေမှာ တိမ်းရှောင်နေကြဖြစ်ပါတယ်။ လုံရှာယန်ကျေးရွာဟာ ပူတာအိုကနေ မိုင် ၂၀ ကျော် ကွာဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။
ပူတာအိုမြို့နယ်က ဆွမ်ပီယန်ကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကောင်စီလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေထိခိုက်ခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။