ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြစ်ကြီးနား-ဖားကန့်လမ်းပေါ် အချက်အချာကျတဲ့ ကာမိုင်းဂိတ်အနီးမှာ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက် ၆ နာရီကျော်လောက်က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကားမိုင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကာမိုင်းဗျူဟာကုန်းကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်တယ်လို့ ဒေသခံက ပါတယ်။
“တိုက်ပွဲကတော့ မိနစ် ၅၀ လောက်ကြာတယ်။ KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နဲ့ PDF ပူးပေါင်းတိုက်တာလို့ သိရတယ်။ နေ့လယ် ၁၂ နာရီအထိတော့ ကာမိုင်းဂိတ်ပိတ်ထားလို့ ခရီးသွားတွေက လမ်းမှာ ပိတ်မိနေတာပေါ့”
တိုက်ပွဲကြောင့် ဂိတ်အနီးမှာ နေထိုင်တဲ့ မောင်ဦးဆိုသူ သေဆုံးခဲ့ပြီး သူရဲ့သား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သူက စစ်ကောင်စီ သတင်းပေးလို့လည်း ပြောကြတယ်။ သူ့သား ၂ ယောက်က တစ်ယောက် လက်မောင်း ကျည်ထိတယ်။ တစ်ယောက်က ဒူးခေါင်းထိထားတယ်”
ပစ်ခတ်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို KIA က ဖမ်းဆီးသွားပြီး လက်နက်တချို့လည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
ကာမိုင်းဂိတ်ဟာ စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ထားပြီး အစစ်အဆေးကြမ်းတဲ့ ဂိတ်ဖြစ်တယ်လို့လည်း သိရပါတယ်။