စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတပ်ဖွဲ့တွေနဲ့ ချောင်းဦး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းဦး PDF အဖွဲ့က ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ချောင်းဦး PDF တပ်ခွဲ ၂ က တပ်ခွဲမှူး ၊ CDM ကျောင်းဆရာ ရဲဘော်တစ်ဦးနဲ့ တခြားရဲဘော်တစ်ဦးတို့ ကျည်ဆန်ထိမှန် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာတော့ ပျူစောထီးဘက်က အကျအဆုံးဘယ်လောက်ရှိတယ်ဆိုတာကို မသိရှိရဘူးလို့လည်း ပြောပါတယ်။
အဲဒီ ပျူစောထီးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရွှေလှေကျေးရွာကို ရောက်လာခဲ့ပြီး ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေက ငွေ သိန်း ၂၀ ၊ ဆိုင်ကယ်နဲ့ တခြားစားသောက်ကုန်များစွာကို ယူဆောင်သွားခဲ့ပြီး ကားတစ်စီးကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားကျေးရွာမှာရှိတဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမြင့်တိုက်နယ် သတင်းပြန်ကြားရေးက ထုတ်ဖော်ပြောကြားထားတာလည်းရှိပါတယ်။