ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြိုနယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါကမီးနဲ့ ဆီးလီဒုန်းကျေးရွာက ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မနေ့က တနေကုန်နီးပါး စစ်ကောင်စီဘက်က အမြောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြိုန့ယ် နန်းမယ်ခုံကျေးရွာက နေအိမ်တချို့ပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲတွေ တဖန်ပြန်ပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ကရင်နီ(ကယား) ပြည်နယ်ကို လေယာဉ်နဲ့ ရက်ဆက်တိုက်ခိုက်နေတာ ၇ ရက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီ free Burma ranger အဖွဲ့ဝင်တဦးက ပြောပါတယ်။
“လေယဥ်နဲ့လာပစ်တာ ဒီနေ့နဲ့ဆို ၇ ရက်ဆက်တိုက်ရှိနေပြီ။ အရင် ၆ ရက်က တိုက်ပွဲနေရာမှာ လာကြဲတယ်။ ဒီနေ့က တိုက်ပွဲဖြစ်တဲ့နေရာကော တိုက်ပွဲမဖြစ်တဲ့နေရာမှာပါ လာကြဲသွားတယ်။ နန်းမယ်ခုံအဝင်အိမ်တွေလည်း လေယာဥ်နဲ့ ဗုံးလာကြဲခံရလို့ အိမ် ၂ လုံး မီးစလောင်နေပြီ။ အိမ်အရမ်းကပ်နေတော့ မီးထပ်ကူးနိုင်သေးတယ်၊ ပြောစရာ စကားလုံးလည်း မရှိတော့ဘူး ကရင်နီပြည်အတွက် ဆုတောင်းပေးပါ။”
စစ်ကောင်စီတပ်ဖွဲ့နဲ ကရင်နီပူးပေါင်းတပ်တို့အကြား ဖေဖော်ဝါရီ ၂၃ ရက်နေ့က မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီကနေ့ မနက်အစောပိုင်းကတည်းက နှစ်ဖက်အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ သံချပ်ကာကား၊ ဒုန်းပစ်ကား၊ လေယာဗုံးကြဲတာတွေကို အရင်ကနဲ့မတူဘဲ အလွန်အကျွံ အသုံးပြုကာ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က အခုလို လက်နက်အင်အား အလွန်အကျွံအသုံးပြုနေတာဟာ သူတို့ရဲ့ ခြေလျင်တပ်တွေ လှုပ်ရှားလို့မရဘဲ ပြည်သူ့တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းတာကြောင့် နေ့စဉ်ရက်ဆက် ရှေ့မတိုးနိုင်ဘဲ အကျအဆုံး များရတာကြောင့်လို့ လွိုင်ကော် PDF က ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မနက်မှာလည်း စစ်ကောင်စီဘက်က မနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ နာရီ ၄၀ မိနစ်မှာတော့ လေကြောင်းနဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမာ့ဆိုမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခု မေလကတည်းက တိုက်ပွဲကြောင့် ဒီ့မော့ဆို အနောက်ခြမ်းက ကျေးရွာတခုမှာ သွားရောက်ခိုလှုံနေတဲ့နေတဲ့ ဒေသခံတဦးက “ကျမတို့ အခုနေတဲ့ စစ်ရှောင်စခန်းလည်း လေယာဉ်တွေနဲ့ လာဝဲနေပြီး လက်နက်ကြီးတွေလည်း အရမ်းနီလာနေလို့ အခု ထပ်ပြောင်းရပြန်ပြီ။ အခုနေတဲ့နေရာလည်း ဘယ်နေ့ ဘာဖြစ်မလဲ မသိသေးဘူး” လို့ ပြောပါတယ်။
ရှမ်း-ကယား (ကရင်နီ) နယ်စပ်မိုးဗြဲမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့တည်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသလို ထိစပ်နေတဲ့ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေကိုပါ စစ်မီးကူးဆက်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ထပ်မံထွက်ပြေးနေရသလို စစ်ရှောင်ပြီးသားသူတွေလည်း နောက်ထပ်စစ်ရှောင်နေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။