၁၉၈၀ ပြည့်နှစ်မော်ဒယ်နဲ့ ဒီမတိုင်မီ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို ရှေးဟောင်း classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ကြေးနဲ့ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မူလမှတ်ပုံတင်ထားရှိခဲ့တဲ့ ယာဉ်တွေကိုသာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ်သစ်အဖြစ် သတ်မှတ်ပေးမယ်လို့လည်း ဆိုပါတယ်။
ရှေးဟောင်း classic မော်တော်ယာဉ်တွေ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်တဲ့လုပ်ငန်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးတွေမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ ဒီကနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
ကားဝါသနာရှင်တဦးက “ထိုင်းမှာ အဲ့ဒီလိုမျိုး ရှေးဟောင်းကားတွေကို သီးသန့်ထားတာမျိုးတော့ တွေ့ဖူးတယ်။ သူတို့ဆီမှာ ဝါသနာရှိတဲ့သူလည်း များကြတယ်လေ။ ပြီးတော့ သူတို့ အစိုးရရဲ့ ပေါ်လစီကလည်း သေသေချာချာလုပ်ပေးတယ်။ ဒါနဲ့ပတ်သတ်ပြီး အရည်ကြိုတို့၊ ဘာလို့ မသတ်မှတ်ဘူးနော်။ သတ်မှတ်ထားတဲ့ ခုနှစ်ပေါ့၊ ရှေးဟောင်းစာရင်းဝင်ရင် သူတို့က အလွယ်တကူ လုပ်ပေးကြတယ်။ ဒီမှာကတော့ နှစ် ၂၀ ကျော်ရင် အရည်ကြိုလို့ ပြောထားပြီးတော့ အခုမှ ပြန်ပြီး သက်တမ်းတိုးပေးမယ်ဆိုတော့ လုပ်နေတာတွေက ရှေ့နဲ့နောက် မညီဘူး ဖြစ်နေတာပေါ့။ ပြီးတော့ ဒီမှာ ကားဟောင်းက ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကားကောင်းက နည်းလိမ့်မယ်။ ဘာလို့လဲဆို ဒီလောက်ဟောင်းနွမ်းနေတဲ့ ကားအတွက် လိုအပ်တဲ့ spare part တွေမသွင်းနိုင်ဘူးလေ။ အခု Surf – 97 အတွက်ကို spare part က မရှိသလောက် ရှားနေတာ။ သူ့ထက် ရှေးကြတဲ့ ကားဆိုရင် ပိုဆိုးတာပေါ့နော်။ အဲ့တော့ ကျနော်မြင်တာက အလုပ်မရှိ အလုပ်ရှာနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကားဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း “သူတို့လုပ်နေတဲ့ မူဝါဒတွေက တခုနဲ့တခု မညီဘူးနော်။ အငြင်းပွားစရာတွေ ဖြစ်နေတယ်။ ကားအသစ်တွေ အားပေးမယ်။ ဘယ်မောင်းကားသစ်တွေ ဖြစ်ရမယ်ဆိုပြီး သူတို့ လုပ်တာနော်။ ပြီးတော့ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်တဲ့ ကားတွေ အားပေးမယ်ဆိုပြီး လုပ်ထားတာလေ။ အခုတခါ နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ညာမောင်းကားတွေကို မှတ်ပုံတင် အသစ်ပြန်ထုတ်ပေးမယ်ဆိုတော့ သူတို့ လုပ်နေတာတွေက ခပ်ကြောင်ကြောင်တွေ ဖြစ်နေတယ်လို့” ဆိုပါတယ်။၏
နှစ်ပေါင်း ၄ဝ ကျော်သက်တမ်းရှိတဲ့ အဆိုမော်တော်ကားတွေဟာ မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးဆောင်ရွက်ခြင်းမရှိတော့လို့ မှတ်ပုံတင်ဖျက်သိမ်းထားတာဖြစ်ပြီး အခုအချိန်မှာ ကားအိုကားဟောင်းတွေကို စစ်ကောင်စီလက်အောက်ခံဌာနတွေက ငွေကြေးယူပြီး ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။
Photo- Flickr