စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး (CDM) ကြောင့် အုပ်ချုပ်ရေးပိုင်း ပျက်ပြားသွားခဲ့သလို ဌာနဆိုင်ရာရုံးအများစု လုပ်ငန်းများ မလည်ပတ်နိုင်တော့ဘဲ ဒီနေ့အထိ ပိတ်ထားရတယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့မှာ စစ်ကောင်စီလက်ထက် ဆက်လက်လုပ်ဆောင်နေတဲ့ ရုံးပေါင်း ၅ ခုသာရှိပြီး ထွေအုပ်ရုံး၊ လဝက)ရုး၊ စည်ပင်ရုံး၊ ဘဏ်လုပ်ငန်းနဲ့ ကုန်သွယ်ရေး အစရှိတဲ့ရုံးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရုံး ၅ ခုဟာလည်း ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကစပြီး ဒီနေ့ချိန်အထိ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ပိတ်ထားဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၄-၂၅ ရက်တွေမှာ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့တဲ့ ရုံးတွေထဲမှာ လဝက ရုံးနဲ့ စည်ပင်ရုံး ၂ ခုသာ ပြည်သူတချို့နဲ့ ထိတွေ့လုပ်ဆောင်မှုတွေရှိပြီး လဝက ရုံးက မှတ်ပုံတင်ပြုလုပ်ပေးတာနဲ့ စည်ပင်ရုံးက မြို့ပေါ်နေ ပြည်သူတွေဆီက ရေခွန်၊ အမှိုက်ခွန် စတဲ့ အခွန်ကောက်ခံမှုတွေသာ လုပ်ဆောင်နေတာလို့ ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ ဌာနဆိုင်ရာရုံးအများစုကတော့ ဖွင့်လှစ်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဖွင့်လှစ်တဲ့ ရုံးတွေကလည်း စာရင်းပိုင်းလောက်သာ လုပ်ဆောင်နိုင်ခဲ့သလို ကျေးလက်ဒေသတွေမှာတော့ လုပ်ငန်းဆောင်ရွက်လို့ မရကြောင်း သိရပါတယ်။
ယင်းမာပင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းမပေါ်တက် ဆန္ဒပြပွဲတွေမှာ အင်အားကောင်းကောင်းနဲ့ ပြုလုပ်ခဲ့ကြသလို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ရေးမှာလည်း အင်အားကောင်းတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။