စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အနည်းဆုံး လူငယ် ၁၆ ယောက်နဲ့ လုပ်ငန်းရှင် ၁၀ ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
သလ္လာရပ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ၂ ခြောက်လုံး ကမ်းပိန်းစာရွက်တွေ လိုက်လံဖြန့်ဝေတဲ့ လူငယ် ၁၆ ယောက်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ သပိတ်မှာ ပါဝင်တဲ့လူငယ်တဦးက ပြောပါတယ်။
“ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ကိုယ်ဝန်ပျက်ကျသွားတယ်။ ကိုယ်ဝန်နဲ့ဆိုတော့ မပြေးနိုင်လို့ လမ်းတွေ့တဲ့ ဆိုင်ကယ်တားစီးတာ၊ ဟိုကကြောက်ပြီး ဆင်းဆိုပြီး ဆွဲချထားလို့ ပြုတ်ကျကျန်ခဲ့ပြီး သွေးလွန်ပြီး ကလေးပျက်သွားသွားတယ်။”
အလားတူ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီလောက်က မုံရွာက လုပ်ငန်းရှင် ၁၀ ယောက်လောက်ကိုလည်း PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လုပ်ငန်းရှင် ၁၀ ယောက်ကတော့ မြနဂါးစတိုးပိုင်ရှင် ကျောက္ကာလမ်း၊ မြဝတီရပ်ကွက်မှာရှိတဲ့ စိန်နဂါး (နာရီဆိုင် )ပိုင်ရှင်၊ ကျောက္ကာလမ်းမှာရှိတဲ့ Mobile One (ဖုန်းဆိုင်) ဆိုင်ပိုင်ရှင်နဲ့ ဖောင်းပြင် စတိုးဆိုင်ပိုင်ရှင်၊ ဆူးလေကုန်းရပ်ကွက်က ကံထူးကံသာ ထမင်းဆိုင်ပိုင်ရှင်၊ နန္ဒဝန်ရပ်ကွက်က အောင်သပြေစတိုးဆိုင်ပိုင်ရှင်၊ အောင်ကောင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ တောတန်းအိုင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ ယမင်းစတိုးဆိုင်ပိုင်ရှင်၊ စက်မှုဇုန်ရပ်ကွက်ရှိတဲ့ ရွှေနှင်းဆီအလုပ်ရုံပိုင်ရှင်တို့ ဖြစ်တယ်လို့ သိရပါတယ်။