မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်မှာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ဖေဖော်ဝါရီ ၁၃ ရက်က မြင်းခြံမြို့မှာ စတင်တွေ့ရှိခဲ့ပြီး ဒီနေ့ထိ အမျိုးသား ၁ ဦး သေဆုံးထားပြီလို့ သိရပါတယ်။
မြင်းခြံမှာ ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန်ပိုးကို ဖေဖော်ဝါရီ ၁၃ ရက်က တစ်ရက်တည်း ၁၁ ဦး စတွေ့ တာပြီး ဖေဖော်ဝါရီ ၂၀ ရက်ထိ ပိုးတွေ့လူနာ ၁၉ ဦးရှိတယ်လို့ မြင်းခြံ ကိုဗစ် -၁၉ ရောဂါ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
“ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားတစ်ဦး သေဆုံးပြီး တချို့လည်း ဆေးရုံဆင်းသွားကြတာမို့ ခုထိ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်လူနာ ၄ ဦးပဲ ကျန်ရှိပြီး ဆေးကုသမှု ခံယူနေတယ်။”
မြင်းခြံပိုးတွေ့ရှိရာ နေရာတွေမှာ ပိုးသတ်ဆေးဖြန်း ကူညီမှုတွေ ၂၄ နာရီ လုပ်ဆောင်ပေးနေပြီး လိုအပ်လို့ ဆေးဖြန်းလိုပါက အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ အဖြူရောင်လက်များ ပရဟိတအသင်းက သိရပါတယ်။
အလားတူ နွားထိုးကြီးမြို့နယ် အခြေခံပညာကျောင်းတွေမှာလည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပေးနေပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ထိ ကျောင်းအချို့မှာ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးတွေ့သူ ၅၀ လောက် ရှိနေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မြို့မှာကတော့ ကျောင်းတွေကိုသာ ကွင်းဆင်းစစ်ဆေးနေလို့ ပိုးတွေ့တာ သိနေရတာ။ အရပ်ထဲရော၊ ရွာထဲမှာပါ နေထိုင်မကောင်းသူတွေက အများကြီးပါ။ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ်၊ မောတယ်၊ ကိုယ်လက်နာတယ် ဆိုတဲ့ လူမမာတွေပေါတယ်။ ဆေးမစစ်စ်တော့ ပိုးမတွေ့ဘူးပေါ့။ ရွာဘက်က အထက်တန်းကျောင်းတစ်ကျောင်းတော့ ကိုဗစ်ပိုးတွေ့လို့ တစ်ပတ် ပိတ်ထားတယ်။”