ရခိုင်ပြည်နယ်၊ ပေါက်တောမြို့လယ်မှာရှိတဲ့ ဘဝမ်းချောင်းမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေများ လာတဲ့အတွက် ချောင်းတိမ်ကောနေပြီး မိုးရာသီရောက်တဲ့အခါ ရေကြီးတဲ့အန္တရာယ်တွေ ကြုံတွေ့လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
အရင်က အဆိုပါချောင်းဟာ လောင်းလှေပြိုင်ပွဲကျင်းပနိုင်တဲ့အထိ ကျယ်ဝန်းခဲ့ပြီး အခုခါမှာတော့ လှေတွေတောင် ဝင်လို့မရတော့တဲ့အထိ ကျဉ်းမြောင်းလာပြီဖြစ်တယ်လို့ဆိုပါတယ်။
ပေါက်တောမြို့မှာ အမှိုက်စွန့်ပစ်စရာ နေရာမရှိတဲ့အတွက် လူတွေက ချောင်းထဲမှာပဲ အမှိုက်စွန့်ပစ်နေပြီး စည်ပင်သာယာဌာနကလည်း အမှိုက်တွေကိုမသိမ်းသလို လူနေအိမ်တွေကလည်း ချောင်းပေါ်မှာ ကျူးကျော်တိုးချဲ့လာတဲ့အတွက် အခုလို တိမ်ကောလာတာလို့ ပေါက်တောမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမှိုက်မပစ်ရအောင်နဲ့ အိမ်ခြံတွေ ကျူးကျော်မှုမရှိအောင် အသိပညာပေးတာ ဒဏ်ရိုက်အရေးယူတာတွေကို ပြုလုပ်စေချင်တယ်လို့ လည်းဒေသခံတွေက ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာမြို့နယ်စည်ပင်ဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။