မကွေးတိုင်း ပခုက္ကူမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်နှစ်ယောက်စီးလာတယ် ဆိုပြီး စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့ ဧရာဝတီတံတား မြောက်ဘက်ဂိတ်မှာ မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ် ၂ ယောက်စီးလာတဲ့ အမျိုးသား ၂ ယောက်ကို ပစ်ခတ်ဖမ်းဆီးရာ ဆိုင်ကယ်နောက်က လိုက်ပါလာတဲ့ ဦးမျိုးလှိုင်ကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
မြင်းခြံမြို့ ဘွက်ကုန်ရွာနေ သေဆုံးသူ ဦးမျိုးလှိုင်ဟာ ပခုက္ကူ စက်မှုဇုန် ၇ လမ်းမှာ အလုပ်လာလုပ်တာဖြစ်ပြီး သူနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ သူကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်လို့ ပထမတစ်ချက်က ခြေသလုံးကိုထိမှန်ပြီး နောက်တစ်ချက်က နောက်ကျောကိုမှန်တာဗျ။ လူနာတင်ကားကို အချိန်မီခေါ်မပေးလို့ သွေးထွက်လွန်ပြီး မသေသင့်ဘဲ သေရတာဖြစ်ပြီး အလောင်းကိုလည်း သယ်ခွင့်မပေးဘူး။”
စစ်ကောင်စီတပ်တွေဟာ သူတို့လုပ်ကြံခံရမှာ ကြောက်လန့်ပြီး မြန်မာနိုင်ငံက မြို့နယ်အနှံ့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ယောက် မစီးနင်းကြဖို့ ထုတ်ပြန်ကြေညာထားသလို တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးနေတယ်လို့ သိရပါတယ်။